ဂီရိ မုန်တိုင်း ကျောက်ဖြူကို ဒီနေ့ ဝင်နိုင်

  • 22 အောက်တိုဘာ 2010
Cyclone
Image caption ဘင်္ဂလား ပင်လယ်အော်က ဆိုင်ကလုန်း ဂီရိဟာ ဒီနေ့ ရခိုင်ကို ဝင်နိုင်

ဘင်္ဂလား ပင်လယ်အော်မှာ မနေ့ မနက်က ဖြစ်ပေါ်လာခဲ့တဲ့ ဂီရိ အမည်ရ မုန်တိုင်းဟာ အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီး ဖြစ်လာပြီး ဒီနေ့ သောကြာနေ့မှာ ရခိုင် ကမ်းရိုးတန်းကို ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေ ခန့်မှန်း နေပါတယ်။

ဂီရိ မုန်တိုင်းကို အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်း အဖြစ် သတ်မှတ်ထားပြီး လေတိုက်နှုန်းကတော့ တနာရီ ခုနှစ်ဆယ့် ငါးမိုင်နှုန်း ရှိမယ်လို့ မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

မုန်တိုင်းဟာ ကျောက်ဖြူကို ဖြတ်မယ်လို့ ခန့်မှန်းရပြီး ခုကတည်းက လေပြင်းတွေ စတိုက်နေနိုင်တယ်လို့ ဘီဘီစီကို ပြောပြပါတယ်။

မုန်တိုင်းဟာ ရခိုင် ကမ်းရိုးတန်းကို ဝင်ရောက်လာရာမှာ မုန်တိုင်း ဧရိယာ ကျယ်ပြန့်လာပြီး လေတိုက်နှုန်း ကျသွားနိုင်တယ်လို့ ခန့်မှန်းနေပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က မြန်မာနိုင်ငံ အနောက်တောင်ပိုင်းကို လေတိုက်နှုန်း တနာရီ မိုင်တရာ့ငါးဆယ်ကျော် ရှိတဲ့ နာဂစ် မုန်တိုင်း ဝင်ရောက် တိုက်ခတ်သွားပြီး လူပေါင်း သိန်းချီ သေဆုံးခဲ့ပါတယ်။

ခုမုန်တိုင်းကတော့ နာဂစ် လေတိုက်နှုန်းရဲ့ တဝက်လောက်ပဲ ရှိပါတယ်။

လက်ရှိ လေတိုက်နှုန်းအတိုင်းဆို အဆောက်အဦတွေပျက်၊ သစ်ပင်တွေကျိုး၊ ဓာတ်တိုင်တွေ ပြိုလဲတာတွေ ဖြစ်နိုင်ပြီး ရေလည်း သုံးပေကနေ ငါးပေထိ တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါပေမယ့် ရခိုင် ကမ်းရိုးတန်းဟာ မြစ်ဝကျွန်းပေါ်ထက် ရေနက်တဲ့အတွက် မြစ်ဝကျွန်းပေါ်လောက် ရေအတက် မကြမ်းနိုင်ဘူးလို့လည်း ခန့်မှန်းနေပါတယ်။