အလံတော်သစ် လွှင့်တင်တဲ့ အခမ်းအနားတွေလုပ်

  • 21 အောက်တိုဘာ 2010
Image caption ရန်ကုန်မြို့တော်ခန်းမမှာ နိုင်ငံတော် အလံသစ် လွှင့်ထူထားပုံ( ဓါတ်ပုံ အေပီ)

၂၀၀၈ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ နိုင်ငံတော် အလံသစ်တွေကို ဒီကနေ့ နေပြည်တော်နဲ့ နိုင်ငံတဝှန်းက ဝန်ကြီးဌာနတွေ ရုံးတွေ ကျောင်းတွေမှာ အခမ်းအနားတွေနဲ့ လွှင့်တင်ခဲ့ကြပါတယ်။

နေပြည်တော်က ရုံးတွေမှာ ညနေ သုံးနာရီ မထိုးခင် အရင်အလံဟောင်းကို ဗုဒ္ဓဟူးသားက ချပြီး သုံးနာရီတိတိမှာ အဝါ အစိမ်းအနီ သုံးရောင်အောက်ခံနဲ့ ကြယ်ဖြူကြီး တလုံး အလယ်တည့်တည့်မှာပါတဲ့အလံသစ်ကို အင်္ဂါသားကတင်ခဲ့တယ်လို့ နေပြည်တော်က ဝန်ကြီးဌာနတခုရဲ့ အလံတင်အခမ်းအနားကို တက်ခဲ့ရသူတဦးက ပြောပြပါတယ်။

ဒီလို အလံတင်ရာမှာ နိုင်ငံတော် သီချင်းကို ဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခမ်းအနားတွေကို နေပြည်တော်မှာ ဒုဝန်ကြီးတွေက ဦးစီး ပြုလုပ်ခဲ့တာလို့ သူကပြောပါတယ်။

ရန်ကုန်မြို့မှာလည်း မြို့တော်ခန်းမမှာ အခမ်းအနားနဲ့ အလံဟောင်းကိုချပြီး အလံသစ်တင်တဲ့ အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၀ခု အောက်တိုဘာလ ၂၁ ရက် ညနေ ၃ နာရီမှာ အလံသစ်တွေကို နိုင်ငံတဝှန်းမှာ တပြိုင်နက် လွှင့်တင်ခဲ့တဲ့အပေါ် ပြည်သူအများက ဗေဒင်ကိန်းခန်းအရ လုပ်တာလို့ ပြောဆိုနေကြပါတယ်။

အလံသစ်တင်တဲ့ အခမ်းအနားတွေ လုပ်ပြီးမှာ မြန်မာရုပ်မြင်သံကြားက နိုင်ငံတော်အလံသစ် နိုင်ငံတော် တံဆိပ် နိုင်ငံတော်သီချင်းဆိုင်ရာ ဥပဒေတွေ ပြဌာန်ကြောင်းကြေငြာခဲ့ပါတယ်။