ဒေါ်စု အမှု အထူး အယူခံ ကြားနာမယ်

  • 21 အောက်တိုဘာ 2010

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ လက်ရှိ နေအိမ် အကျယ်ချုပ် ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး လျှောက်ထား ခဲ့တဲ့ ပြင်ဆင်ခွင့် အထူး အယူခံ ကို နေပြည်တော်မှာ ကြားနာ စစ်ဆေးဖို့ ဗဟို တရား ရုံးချုပ်က လက်ခံလိုက် ပါတယ်။

Image caption နိုင်ဘာ ၁၃ ရက်မှာ ဒေါ်အောင်ဆန်း စုကြည် လွတ်ရက် စေ့မယ်လို့ ရှေ့နေတွေ ပြော

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ဝင်းမမနဲ့ ဒေါ်ခင်ခင်ဝင်းတို့ကို ပြစ်ဒဏ် ချမှတ်ထားတာ အပေါ် ဒေါ်အောင်ဆန်း စုကြည်တို့ ဘက်က အထူး အယူခံ ဝင်တာကို ဗဟို တရားရုံးချုပ်က လက်ခံ လိုက်လို့ နေပြည်တော် အထူး တရားရုံးမှာ ကြားနာ တော့မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ၂၉ ရက် သောင်္ကြာနေ့ မနက် ၁၀ နာရီ မှာ နေပြည်တော် အထူးတရားရုံး ကို သွားပြီး လျှောက်လဲ ရမှာဖြစ် တယ်လို့ ရှေ့နေ ဦးကြည်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ခရိုင်ရုံး ကနေ တိုင်းရုံး၊ အဲဒီကနေ တခါ ပြင်ဆင်မှုရုံး အထိ အဆင့်ဆင့် တက်ပြီး အယူခံဝင် ခဲ့တုန်းက အချိန်ဆွဲခဲ့ပြီး အခုလို ရွေးကောက်ပွဲ နီးတဲ့ အချိန် ကျမှ မြန်မြန် လက်ခံ လိုက် တာဟာ ရွေးကောက်ပွဲ မတိုင်ခင် လက်ကျန် အမှုတွေကို မြန်မြန် ရှင်းပစ် တဲ့သဘော လို့ ဦးကြည်ဝင်းက ယူဆ ပါတယ်။

အခု အထူး အယူခံ ရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်လို့ ဆက်တက် မယ်ဆိုရင် တရား သူကြီးချုပ် ဆီကို တင်နိုင်ခွင့်ပဲ ရှိတော့ တယ်လို့ ဦးကြည်ဝင်းက ရှင်းပြ ပါတယ်။

နေအိမ် အကျယ်ချုပ် စည်းကမ်း ချိုးဖောက် မှုနဲ့ ဒေါ်အောင်ဆန်း စုကြည် ကျခံရမယ့် ၁၈ လဆိုတဲ့ ပြစ်ဒဏ် အရဆိုရင် ရွေးကောက်ပွဲ အပြီး နိုဝင်ဘာလ ၁၃ ရက်နေ့ မှာ ပြန်လွတ် ရမှာ ဖြစ်ပါတယ်။