ဂီရိ မုန်တိုင်း ကျောက်ဖြူ မှာ ပြင်းထန်

  • 22 အောက်တိုဘာ 2010
Cyclone map
Image caption လေကြမ်းတဲ့ အတွက် အပျက်အစီး တွေ ရှိနိုင် (ဓာတ်ပုံ www.tunlwin.com မှ)

ဘင်္ဂလားပင်လယ် အော်မှာ အစပျိုးခဲ့ပြီး အင်အားကောင်း လာတဲ့ ဆိုင်ကလုန်း မုန်တိုင်း ဂီရိ ဟာ သောကြာနေ့ နံနက် ၁ဝ နာရီက မာန်အောင်ကို တစ်နာရီ မိုင် ၆ဝ နှုန်းနဲ့ ဝင်တိုက်ခတ် ခဲ့ ပါတယ်။

အဲဒီနောက် ကျောက်နီမော်၊ ကျောက်ဖြူမြို့ တွေ ကို မုန်တိုင်း လမ်းကြောင်း က သွားခဲ့ ပါတယ်။

ကျောက်ဖြူမှာ တစ်နာရီ မိုင် ၃ဝ ကျော် က ဘဲ တိုက်တယ်လို့ ပြောသွားပေမယ့် ဒေသ ခံတွေကတော့ ဒီထက် ပိုပြင်းတယ်လို့ ဆိုပါတယ်။

မာန်အောင်မှာ အပျက်အစီး သိတ်မရှိပေမယ့် ကျောက်ဖြူမှာတော့ တံတားကျိုးတာ၊ သစ်ပင်တွေ ပြိုလဲတာ ရှိခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီ ကို ပြောပြ ပါတယ်။

သောကြာနေ့ နေ့လယ် ၃ နာရီ မှာ မြေပုံ ကို ဆက် တိုက်ခတ် နေပါတယ်။ မြေပုံက မြေနိမ့်ပိုင်းတွေက လူတွေကို ကုန်းမြင့်ပိုင်းတွေကို ရွှေ့နေတယ်လို့ ပြောပါတယ်။

မြန်မာ့ အသံ နဲ့ ရုပ်မြင်သံကြား က လည်း မုန်တိုင်း သတိပေးချက်တွေ ကို မကြာမကြာ ထုတ်ပြန်ပေးနေပါတယ်။

ညနေ ၄ နာရီ လောက် က မြန်မာ့ အသံ ရဲ့ ထုတ်ပြန် ကြေညာချက် မှာ မုန်တိုင်း ဟာ အင်အား ပိုပြင်းလာပြီး စစ်တွေ နဲ့ ကျောက်ဖြူ မြို့ ကြား ကဖြတ်နေကာ မုန်တိုင်း ရဲ့ အနေအထားက အညိုရောင် အရေးပေါ် အခြေအနေ ကို ရောက်သွားပြီ လို့ ကြေငြာထားပြီး မုန်တိုင်း ဗဟိုချက် အနီးမှာ လေတိုက်နှုန်းက တစ်နာရီ မိုင် ၁၂၀ အထိ ရှိနိုင်တယ် လို့ ဆို ပါတယ်။

စစ်တွေ မှာ မုန်တိုင်း ကြိုတင် သတင်းတွေကို သက်ဆိုင်ရာ အာဏာပိုင် တွေက အသံချဲ့စက် နဲ့ ဒီနေ့ မနက်က မြို့ကို ပတ်ပြီး ပြောကြား ခဲ့ကြ ကြောင်း လည်း သိရ ပါတယ်။

လက်ရှိ လေတိုက်နှုန်း အတိုင်းဆို အဆောက်အဦတွေ ပျက်၊ သစ်ပင်တွေ ကျိုး၊ ဓာတ်တိုင်တွေ ပြိုလဲ တာတွေ ဖြစ်နိုင်ပြီး ရေ လည်း သုံးပေ ကနေ ငါးပေထိ တက်နိုင် တယ်လို့ မိုးလေဝသ ပညာရှင်တွေ က ခန့်မှန်း ထားပါတယ်။