ကျောက်ဖြူမြို့ကို ဂီရိမုန်တိုင်း ဝင်မွှေ

  • 23 အောက်တိုဘာ 2010
Image caption ဂီရိ မုန်တိုင်း မြန်မာနိုင်ငံ အလယ်ပိုင်းကို ဝင်ရောက်သွား www.tunlwin.com

ဘင်္ဂလား ပင်လယ်အော်ကနေ ဝင်ရောက်လာတဲ့ ဂီရိ ဆိုင်ကလုန်း မုန်တိုင်းဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကနေ အခုအခါ ကုန်းတွင်းပိုင်း မုန်တိုင်း အဖြစ် မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေဘက်ကို ဖြတ်သန်း ဝင်ရောက်သွားပါပြီ။

သောကြာနေ့တုန်းက ဂီရိ ဆိုင်ကလုန်း မုန်တိုင်းဒဏ် တည့်တည့်ကြီး ခံခဲ့ရတဲ့ ကျောက်ဖြူမြို့မှာတော့ မြို့တဝက်လောက် ပျက်စီးသွားတယ်လို့ သိရပါတယ်။

အိမ်တွေ၊ စာသင်ကျောင်းတွေရဲ့ အမိုးတွေ လန်ထွက် ပျက်စီးကုန်ပြီး တောရွာတွေမှာလည်း ဆားငံရေတွေကို တားထားတဲ့ တမံတွေ ကျိုးကုန်တဲ့အတွက် လယ်မြေတွေ ပျက်စီးမှာကို စိုးရိမ်နေကြတယ်လို့ ကျောက်ဖြူ ဒေသခံ တဦးက ဘီဘီစီကို ပြောပြပါတယ်။

ရမ်းဗြဲ၊ မြေပုံ၊ အမ်း စတဲ့ မြို့တွေမှာလည်း ဂီရိ မုန်တိုင်း အင်အားပြင်းပြင်းနဲ့ တိုက်ခတ် သွားသလို စစ်တွေ ခရိုင်တွင်းမှာလည်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

တခါ စနေနေ့မနက် ၄ နာရီလောက်က ဂီရိ မုန်တိုင်း ဖြတ်သန်း တိုက်ခတ်ခံခဲ့ရတဲ့ မကွေးတိုင်း ပေါက်မြို့မှာလည်း လေပြင်း နဲ့ မိုးသည်းထန်မှုကြောင့် ရေတွေ လျှံပြီး တံတားတွေကျိုးကုန်တယ်လို့ ဒေသခံ တဦးက ပြောပြပါတယ်။

ရေထဲ မျောပါသွားသူ ၄ဦးလောက်ကို ရှာဖွေနေဆဲ ဖြစ်ပြီး ရေဘေး သင့်သူ ၃၀ ကျော်လောက်လည်း မြို့လည်က စာသင်ကျောင်းမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။

ညောင်ဦးမြို့မှာလည်း မနက် ၂ နာရီလောက်က မိုးသက်လေပြင်း တိုက်တဲ့အတွက် သစ်ပင် လဲတာတွေ ရှိတယ်လို့ ဒေသခံ တဦးက ဘီဘီစီကို ပြောပါတယ်။

မန္တလေး၊ စစ်ကိုင်းနဲ့ မုံရွာဘက်တွေမှာလည်း မိုးသည်းထန်ခဲ့တယ်လို့ သိရပါတယ်။