ကြံ့ခိုင်ရေးပါတီက ကျောင်းသားတွေပါ မဲဆွယ်ခိုင်း

  • 23 အောက်တိုဘာ 2010

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက စစ်တပ်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေ အတွင်းအထိ လိုက်လံ မဲဆွယ်နေရာမှာ အခုတော့ တပ်မိသားစုဝင်တွေရဲ့ သားသမီး ကျောင်းသားတွေကိုပါ မဲဆွယ်ခိုင်း နေတယ်လို့ သိရပါတယ်။

Image caption ကြံ့ခိုင်ရေးပါတီက နည်းမျိုးစုံသုံးပြီး မဲဆွယ်

အောက်တိုဘာလ၂၀ ရက်နေ့တုန်းက အရပ်ဝတ်ပြောင်း ဗိုလ်ချုပ်ဟောင်း အဖွဲ့တွေပါတဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေဟာ မိတ္ထီလာမြို့ ခမရ ၃၁၅ တပ်ရင်းမှူးနဲ့အတူ တပ်တွင်းကို ရောက်လာပြီး တပ်တွင်းက ကျောင်းသားတွေလည်း ကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်ပေးရမယ်ဆိုပြီး ဖိအားပေးခဲ့တယ်လို့ ခမရ ၃၁၅ က တပ်သားတစ်ဦးက ပြောပါတယ်။

၂၀ ရက်နေ့မှာ တပ်မိသားစုဝင် ကျောင်းသားတွေကို ကျောင်းမတက်ဖို့ ၁၉ ရက်နေ့ကတည်းက ကြိုပြောထားပြီး ၂၀ ရက်နေ့ကျတော့ ကျောင်းသားတွေကို အစည်းအဝေးခေါ်ကာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် စည်းရုံးရေးလုပ်ပေးရမယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကျောင်းသားတွေကတော့ မဲပေးတဲ့အတွေ့ အကြုံကလည်းမရှိ၊ နားလည်းမလည်ကြလို့ ဘယ်သူမှ လုပ်မပေးချင်ကြတဲ့အကြောင်း ခမရ ၃၁၅ က ရဲဘော်က ဘီဘီစီကို ပြောပြပါတယ်။

ကျောင်းသားတွေအပါအဝင် တပ်ထဲမှာ ရှိတဲ့သူတွေက ဒါကို မကျေနပ်လို့ တပ်ရင်းမှူးကို တင်ပြကြတဲ့အကြောင်း၊ စစ်သားတွေကိုတောင်မှ စားဝတ်နေရေး ကြပ်တည်းလို့ အမိန့်ပေးလို့မရ ဖြစ်နေချိန်မှာ ကျောင်းသားတွေကို ဒီလို အမိန့်ပေးရင် နာခံမှာ မဟုတ်ဘူးလို့ တင်ပြကြတဲ့ အကြောင်းကိုလည်း အဲဒီ ရဲဘော်ကပဲ ရှင်းပြပါတယ်။

မိတ္ထီလာမြို့မှာပဲ ခမရ ၃၁၅ နည်းတူ ခမရ ၁၁၃ က ကျောင်းသားတွေကိုလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် မဲဆွယ်ပေးဖို့ စေခိုင်းခံခဲ့ရတယ်လို့ သိရှိရပါတယ်။

ဌာနဆိုင်ရာကိုလည်း ဖိအားပေး

Image caption ရှမ်းပြည်နယ်မှာတော့ ကျားဖြူပါတီက အင်အား ကောင်း (ဓာတ်ပုံ - SHAN)

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသိန်းစိန်က ရှမ်းပြည်နယ်မြောက်ပိုင်း ၃ရက်ကြာခရီးအတွင်း မူဆယ်မြို့မှာ မြို့နယ် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌတွေကို ခေါ်ပြီး ကြံ့ခိုင်ရေးပါတီ မဲအောင်နိုင်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ပေးဖို့ ညွှန်ကြားသွားခဲ့တယ်လို့ ရပ်ကွက် အာဏာပိုင်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဦးသိန်းစိန်ရဲ့ ညွှန်ကြားချက်အရ မူဆယ်မြို့နယ် အေးချမ်းသာယာရေးကောင်စီဥက္ကဌ ဦးညွန့်ဟန်က ရပ်ကွက် အေးချမ်းသာယာရေးကောင်စီ ဥက္ကဌတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မဲအောင်နိုင်ရေး မဖြစ်မနေ ဆောင်ရွက်ကြဖို့ ထပ်ဆင့် ညွှန်ကြားချက်တွေပေးခဲ့တယ်လို့သိရပါတယ်။

ရှမ်းပြည်နယ်မှာ ကျားဖြူပါတီလို့ အသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကို လူကြိုက်များနေတဲ့ အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနိုင်မရ ရအောင် အာဏာပိုင်တွေကပါ ဝိုင်းလုပ်နေကြတဲ့ အခြေအနေတွေ့ရပါတယ်။