အလင်္ကာ ပုလဲပန်း၊ နင်နဲ့ငါ

  • 24 အောက်တိုဘာ 2010
Bagan
Image caption မြန်မာ့စာ မြန်မာစကား ထွန်းကားခဲ့ရာ ပုဂံဒေသ

နင်နဲ့ ငါနဲ့ ပြောကြမလား။

သက်ကြီး၊ ဝါကြီး၊ ဂုဏ်ဒြပ်ကြီးတဲ့သူတွေကို နင်နဲ့ငါနဲ့ ပြောရင် ရိုင်းတယ်လို့ ထင်ပါသလား။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဗမာ့ အစဉ်အလာ ယဉ်ကျေးမှုမှာ နင်နဲ့ငါနဲ့ ပြောတာဟာ ရိုင်းတယ်လို့ ယူဆပြီး ကျွန်တော်၊ ကျွန်မနဲ့ ပြောမှသာ လိမ္မာ ယဉ်ကျေးတယ်လို့ ယူဆကြပါတယ်။

နင်နဲ့ ငါနဲ့ ပြောဆိုရင် နင်ပဲငါဆ ပြောတယ်၊ နင်တလုံး ငါတလုံး ပြောတယ်လို့ ရှုတ်ချ ပြောဆိုတတ်ပါတယ်။

နင်၊ ငါ ပြောတာ ရိုင်းပါသလား။

ဘာသာဗေဒ ပညာရှင် ဆရာ မောင်သာနိုးကတော့ နင်နဲ့ငါ အသုံးအနှုန်းကသာ ဗမာစာ၊ ဗမာစကား စစ်စစ်ဖြစ်တယ်လို့ ဆိုပါတယ်။ တိဘက်၊ မြန်မာ အုပ်စုက ဆင်းသက်လာတဲ့ ဗမာ(မြန်မာ)စာမှာ ငါဟာ မူလ ဘာသာ စကားလို့ဆိုပါတယ်။

တိဘက် မြန်မာ အုပ်စုဝင်တွေ ဖြစ်ကြတဲ့ တရုတ်စကားမှာ ငေါ်၊ ကချင်စကားမှာ ငိုင်၊ တိဘက်စကားမှာ င ဆိုတဲ့ စကားတွေကို မိမိကိုယ်ကို ညွှန်းဆိုရာမှာ သုံးစွဲကြတာကို ကြည့်ခြင်းအားဖြင့် ငါဟာ ဗမာစာ၊ ဗမာစကားရဲ့ မူလ ဖြစ်ကြောင်း သိသာတယ်လို့ ဆရာ မောင်သာနိုးက ဆိုပါတယ်။

အပြောခံ နာမ်စား အဖြစ်သုံးစွဲရာမှာလည်း နင်ဟာ မူလ ဘာသာ စကား ဖြစ်တယ်လို့ ဆိုပါတယ်။ ကချင်မှာ နန်း၊ တရုတ်မှာ နိ ဆိုတဲ့စကားလုံး တွေကို သုံးစွဲတာကို ကြည့်ခြင်းအားဖြင့် နင်ဟာလည်း မူလ ဘာသာ စကား ဖြစ်ကြောင်း ထင်ရှားတယ် လို့ ဆိုပါတယ်။

ကျွန်တော်၊ ကျွန်မ ဘယ်ကလာသလဲ။

ကျွန်တော် ဆိုတဲ့ အသုံးဟာ ကျေးတော်မျိုး၊ ကျွန်တော်မျိုး ကိုဆိုလိုတာ ဖြစ်ပြီး ပဒေသရာဇ် ယဉ်ကျေးမှုက ဆင်းသက်လာတာလို့ ဆိုပါတယ်။

ကျွန်မ ဆိုတာ ဟာလည်း အလားတူ အဓိပ္ပါယ်ဖြစ်ပြီး၊ ကျုပ်ဆိုတာ ကတော့ ကျွန်ုပ်က လာပါတယ်။ ကျွန်ုပ်ကတော့ ကျွန်နုပ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်တဲ့ အတွက် သေးနုပ်တဲ့ကျွန်၊ အနုပ်စုတ်၊ ဂုတ်စုတ်ကျွန်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

ခင်ဗျားဆိုတာက သခင်ဘုရား ကနေ လာပါတယ်။ သခင်ဘုရားကနေ ခင်ဘုရား၊ ခင်ဘုရားကနေမှ ခင်ဗျား ဖြစ်လာတယ်လို့ ဆိုပါတယ်။ ရှင်ဆို တာကတော့ အသျှင်ကနေ လာပါတယ်။

ဒါပေမယ့် ကျွန်တော်၊ ကျွန်မ၊ ခင်ဗျား၊ ရှင် တို့ရဲ့ အဓိပ္ပါယ်တွေ ပျောက်ကွယ် ပြီး ယဉ်ကျေးလိမ္မာတဲ့ အသုံးအနှုန်းအဖြစ်သာ လူအများက ယူဆကြပါတယ်။

ဒါ့ကြောင့် လူအများကိုတော့ ဘယ်လို မပြောနဲ့၊ ဘယ်လို ပြောပါလို့ အမိန့်ပေးဖို့ မသင့်တော်ပါဘူး။ ဒါပေမယ့် သိနားလည်တဲ့ သူတွေက နင်၊ငါ စကားလုံးကို ရဲရဲသုံးခြင်းအားဖြင့် ဒီစကားလုံးတွေ ပြန်လည် ဝင်ဆန့်လာ အောင် ဖော်ထုတ်သင့်တယ်လို့ ဆရာ မောင်သာနိုးက ဆိုပါတယ်။