ရေနံ ပိုက် မီးလောင်လို့ ငါးယောက် သေဆုံး

  • 25 အောက်တိုဘာ 2010

မကွေးတိုင်း ပခုက္ကူ ခရိုင် ကျွန်းချောင်းနဲ့ မြစ်ခြေ ကြားက ပေါက်တော နဲ့ ညောင်လှရွာ အနီးမှာ တနင်္ဂနွေ က ရေနံ ပိုက်လိုင်း ပေါက်ပြီး မီးလောင် ခဲ့တဲ့ အတွက် လူ ငါး ယောက် ထက် မနည်း သေဆုံးပြီး လူ ၇၀ ကျော် ရခဲ့ကြပါတယ်။

Image caption မြစ်ခြေ အနီးမှာ ဂက်စ် ပိုက်လိုင်း မီးလောင်လို့ လူ သေဆုံး

လောလောဆယ် ပျောက်ဆုံးနေသူ ၁၀ ယောက်ရှိပြီး သူတို့လည်း မီးထဲ ပါသွားတာ ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

ပေါက်နေတဲ့ ရေနံ ပိုက်လိုင်း ကနေ ယိုစိမ့် လာတဲ့ ရေနံတွေကို အနီးအနား ကျေးရွာတွေက ရွာသားတွေ သွားခပ်ယူကြတုန်း မတော်တဆ မီးလောင်ခဲ့တာကြောင့် လူတွေ သေဆုံးကြရတာ ဖြစ်ပါတယ်။

ရေနံ ယိုဖိတ်ရာ နေရာကို ညောင်လှ၊ ပေါက် တော နဲ့ အိုင်ကြီး ရွာ တို့က ရွာသူ ရွာသား သုံးရာ လောက် ရေနံ တွေကို သွားယူ ခဲ့ကြတာလို့ ဒေသခံ တွေက ပြောကြ ပါတယ်။

မီးလောင်တဲ့ အကျယ် အဝန်းက ပေ ခြောက်ဆယ် ပတ်လည် လောက် ရှိတယ်လို့ မီးလောင်မြေ ကို ကိုယ်တိုင် သွားကြည့် ခဲ့သူ ဒေသခံ ရွာသား တစ်ယောက်က ဘီဘီစီကို ပြော ပါတယ်။

ဒဏ်ရာ ရသူ တွေကို ကျွန်းချောင်း၊ မြစ်ခြေနဲ့ ပခုက္ကူ ဆေးရုံတို့ဆီ ပို့ပြီး ဆေးကုသမှု ပေး နေတယ်လို့ လည်း အဲဒီ ဒေသခံကပဲ ဆက်ပြော ပါတယ်။

မီးလောင်မှု ဖြစ်တဲ့ သတင်းနဲ့ အကြောင်းရင်းကို အာဏာပိုင် တွေက ထုတ်ပြန်ခြင်း မရှိသေး ပေမဲ့ ရေနံ ယိုစိမ့်ရာ နေရာမှာ ကလေးငယ် တစ်ယောက်က ဗျောက်အိုး ဖောက် ရာက စပြီး လောင်ခဲ့တာ လို့ ဒေသခံ တွေက ပြောပါတယ်။

ဘီဘီစီက ဆက်သွယ်ခွင့် ရခဲ့တဲ့ ဆေးရုံနဲ့ ရဲစခန်းတို့ ကတော့ အသေ အပျောက်နဲ့ လူနာ စာရင်းကို လက်ခံ ဖြေဆို ဖို့ ငြင်းဆိုခဲ့ပါတယ်။