ဂီရိဆိုင်ကလုန်း မြေပုံမြို့ အထိနာဆုံး

  • 25 အောက်တိုဘာ 2010

ဂီရိ ဆိုင်ကလုန်း မုန်တိုင်းကြီး တိုက်ခတ် ခဲ့တာကို အပြင်းထန်ဆုံး ခံစားခဲ့ရ တာကတော့ ရခိုင်ပြည်နယ် မြေပုံမြို့ ဖြစ်တယ်လို့ မြို့ခံနဲ့ ကုလသမဂ္ဂ အရာရှိ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

Image caption ဆိုင်ကလုန်း ဂီရိဒဏ်ခံ ပြည်သူတွေကို ထောက်ပံ့ဖို့ အလုပ်သမားတွေ ပြင်ဆင်

မြေပုံမြို့၊ ငပသုန်ရွာမှာ အိမ်ခြေ ၆၀၀ လောက်ရှိတဲ့ အနက် အိမ်ခြေ ၂၀၀ လောက် ဂီရိ ဆိုင်ကလုန်း ကြောင့် ပျက်စီးခဲ့ တယ်လို့ ရွာခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အိမ်ရာ ပျက်စီးခဲ့သူ တွေဟာ လက်ရှိမှာ ဘုန်းတော်ကြီး ကျောင်းတွေနဲ့ စာသင်ကျောင်း တွေမှာ နေနေ ရတယ်လို့ ငပသုန်ရွာခံ ဦးထွန်းသိန်း က ပြောပါတယ်။

မနက်ဖြန် အောက်တိုဘာလ ၂၆ ရက် မနက်မှာတော့ ရန်ကုန်ဘက် က အကူအညီ ပေးရေး အဖွဲ့တွေ လာရောက် နိုင်တယ်၊ လတ်တလော မှာတော့ ရွာသားချင်း ကူညီထောက်ပံ့ ပေးနေတယ်၊ အိမ်ခြေ ရာခြေ ရှိသူက မရှိတော့တဲ့ သူကို ကူညီပေး တယ်လို့ သူက ပြောပါတယ်။

Image caption နေအိမ်တွေလည်း ပျက်ကုန်တာကြောင့် သွပ်အပါအဝင် အိမ်ဆောက်ပစ္စည်းတွေလို

မုန်တိုင်းကြောင့် ရေငန်တွေ ဝင်သွားလို့ ရေတွေ မကောင်း တော့ဘူး၊ ကျန်းမာရေး အတွက် ရေကို ကြိုချက် သောက်ကြတယ်၊ ကျန်းမာရေးတော့ လောလောဆယ် ဘာမှ မဖြစ်ကြ သေးဘူးလို့ သိရပါတယ်။

ဌာနဆိုင်ရာတွေက အကူအညီပေးဖို့ လာမယ်လို့ ဆိုပေမယ့် တနင်္လာ ညနေခင်း အထိတော့ မရောက်သေး ဘူးလို့ သိရပါတယ်။ အလားတူ လာမယ့် ရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံရေး ပါတီတွေကလည်း ကူညီမှုပေးဖို့ သူတို့ဆီ လာတာတွေ မရှိဘူးလို့ ဦးထွန်းသိန်း က ပြောပါတယ်။

Image caption ဆိုင်ကလုန်း ဂီရိကြောင့် ကျောက်တော်လည်း တော်တော်ပျက်စီးသွားတယ်လို့ သိရ

သူ့အိမ်လည်း မုန်တိုင်းတိုက်တဲ့ အထဲမှာ ပါသွား ခဲ့တယ်၊ ဝါး ထရံကာ အုန်းလက်မိုး အိမ်တွေ ကတော့ ပြိုတာ များတယ်လို့ သူက ပြောပါတယ်။ သူတို့ ငပသုန် ရွာဟာ ရေလုပ်ငန်းနဲ့ အသက်မွေးတဲ့ ရွာဖြစ်တာမို့ အခုတော့ လှေတွေ၊ မော်တော်ဘုတ် တွေလည်း မုန်တိုင်းထဲ ပါသွားတာကြောင့် အလုပ် လုပ်ကိုင်ဖို့ ဒုက္ခရောက် ကြတယ်လို့ ဆက် ပြောပါတယ်။

ဒီလောက် အပျက်အစီးနဲ့ အသေအပျောက် ရှိတာဟာ မိုးလေဝသ ဌာနက ကြိုတင် ကြေညာချက် ထုတ်ပြန်တဲ့ လေတိုက်နှုန်း တစ်နာရီကို ၇၀ ကနေ ၇၅ မိုင် နှုန်းပဲ တိုက်မယ်လို့ ဆိုခဲ့ပေမယ့် တကယ် ဂီရိ ဆိုင်ကလုန်း တိုက်တဲ့အခါ တစ်နာရီကို လေတိုက်နှုန်း က မိုင် ၁၂၀ ကနေ ၁၅၀ လောက်အထိ ရှိနိုင် တယ်လို့ ပြောပါတယ်။

ကျောက်ဖြူမြို့မှာလည်း အိမ်တွေ သုံးပုံ နှစ်ပုံလောက် ပျက်စီး သွားတယ်၊ အုန်းလက်မိုး အိမ်တွေ အကုန်ပျက် ကြတယ်။ ကျောက်တော် ပညာရေး ကောလိပ် မှာဆိုလည်း အဆောင် တစ်ဆောင်ပဲ ကျန်တော့တယ်၊ ကျန်တဲ့ အဆောင်တွေ ပျက်ကုန် တယ်လို့ မြို့ခံ တစ်ဦး ဖြစ်သူ ဦးသီဟန် က ပြောပါတယ်။

ကျောက်ဖြူမြို့မှာ အသေ အပျောက် မရှိပေမယ့် နယ်ဘက် တွေမှာ အသေ အပျောက်တွေ ရှိတယ်လို့ သူကြားတဲ့ အကြောင်း၊ ကျောက်ဖြူမြို့က အထက်တန်းကျောင်း နှစ်ကျောင်း စလုံးမှာ မုန်တိုင်း ဒဏ်ခံ ရတဲ့သူတွေနဲ့ ပြည့်နေတယ်လို့ ဦးသီဟန် က ပြောပါတယ်။

တနင်္လာညပိုင်း မြန်မာ့ အသံက ထုတ်ပြန် ကြေညာချက်အရ ဆိုင်ကလုန်း ဂီရိကြောင့် သေဆုံးသူ လောလောဆယ် ၂၇ ဦး ရှိသွားပြီလို့ သိရပါတယ်။