ရွေးကောက်ပွဲ မဝေးတော့တဲ့ ကာလမှာ အင်တာနက် က နှေးနှေးလာ

  • 27 အောက်တိုဘာ 2010
internet
Image caption မြန်မာပြည် မယ် အင်တာနက် လိုင်းတွေ ပြုတ်ကျ နေ

ရွေးကောက်ပွဲ နီးကပ်လာတဲ့ ကာလမှာ မြန်မာပြည် က အင်တာနက် အသုံးပြု သူ တွေ လိုင်း ပြတ်တောက်တာ၊ မြန်နှုန်း နှေးကွေး လွန်းလာတာ တွေ နဲ့ ကြုံနေ ရပါတယ်။

ရန်ကုန် က အင်တာနက် သုံးစွဲသူ မိခင် တဦး က နိုင်ငံခြား ရောက်နေကြတဲ့ သူ့ သားသမီးတွေနဲ့ ဆက်သွယ်ရာမှာ အင်တာနက် လိုင်း က ခဏ ခဏ ပြုတ်ကျတာတွေ၊ လိုင်း ရရင် လည်း ခဏပဲ ရပြီး ပြန်ပြတ် သွားတာတွေ ကြုံနေ ရကြောင်း ဘီဘီစီ ကို ပြောပြ ပါတယ်။

အင်တာနက် ကဖေး ဆိုင်တွေ လည်း လိုင်း တွေက မကောင်းလို့ ရန်ကုန် က တချို့ အင်တာနက် ဆိုင် တွေ ပိတ် ထားရ တဲ့ အခြေစိုက် နေပါတယ်။

အခုလို ဖြစ်နေတာ ၃ ရက် လောက်ရှိပြီ လို့ လည်း သိရ ပါတယ်။

အခုလို အင်တာနက် လိုင်း မကောင်းပဲ ဖြစ် နေရ တာဟာ နိုင်ငံပြင်ပ က နေ ရည်ရွယ်ချက် ရှိရှိ Cyber Attack အင်တာနက် ဆက်သွယ်ရေး တိုက်ခိုက်မှု လုပ်တာ ကြောင့် လို့ ဆိုတဲ့ အစိုးရ ဆက်သွယ်ရေး ဌာန က အရာရှိ တဦး အပြော ကို ကိုးကားပြီး ပြည်တွင်းထုတ် ဂျာနယ် တခု မှာ ရေးသား ထားပါတယ်။

အင်တာနက် ဝက်ဘ ဆိုက် တခု ကို တိုက်ခိုက် တာတွေ မျိုး အရင် က ကြားခဲ့ ရပေမယ့် အခုလို အင်တာနက် ကွန်ယက် ဆက်သွယ်ရေး လမ်းကြောင်း ကို တိုက်ခိုက်ခံ ရတာ မျိုး က ကြားရခဲတဲ့ ပြဿနာ မျိုးလည်း ဖြစ်ပါတယ်။

အင်တာနက် လမ်းကြောင်း ကို တကယ် တိုက်ခိုက်ဖို့ ဆိုတာ နည်းပညာ အရ အဆင့်မြင့် လှတဲ့အတွက် သိပ်ကို ခက်ခဲကြောင်း အင်တာနက် စနစ် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။

လန်ဒန် အခြေစိုက် ကုမ္ပဏီ တခုရဲ့ အင်တာနက် လုံခြုံရေးဆိုင်ရာ အိုင်တီ အင်ဂျင်နီယာ ကိုအောင်ကျော်မိုး က မြန်မာပြည် အင်တာနက် ဆာဗာ IP address တွေကော၊ ကြားခံ Gateway IP address တွေကော အားလုံး သိရမှသာ တိုက်ခိုက်ဖို့ ကြိုးစား နိုင် မှာ ဖြစ်တဲ့ အတွက် အဲသလို တိုက်ခိုက်ခံရတယ် ဆိုတဲ့ ရာခိုင်နှုန်း က အင်မတန် နည်းကြောင်း လို့ ပြောပါတယ်။

အခု မြန်မာပြည် မှာ ဖြစ်နေတဲ့ ပြဿနာ ဟာ သူတို့ဘာသာ သူတို့ အင်တာနက် ဝန်ဆောင် နိုင်မှု အား ကို လျော့ထားတာ ကြောင့် ဖြစ်နိုင်ကြောင်း လည်း သူ က တွက်ဆ ပြောပါတယ်။

လာမယ့် ရက်ပိုင်း အတွင်း ကျင်းပတော့မယ့် ရွေးကောက်ပွဲ ကျရင် ရွေးကောက်ပွဲ တရား မျှတမှု ရှိမရှိ အခြေအနေ ကို ပြည်တွင်း က လူတွေက စောင့်ကြည့်ပြီး ပြည်ပ က လွတ်လပ် တဲ့ မီဒီယာ တွေကို မပို့ နိုင်အောင် အစိုးရ က ကြိုတင် စီစဉ်နေပြီလို့ အများ က ယူဆနေပြီး ရွေးကောက်ပွဲ ရက်တွေ ကျမှ အာဏာပိုင် တွေ က အင်တာ နက် လိုင်း ကို ဗြောင် ဖြတ်တောက် လိုက်တာ ထက် စာ ရင် အခုလို အရင် ကတည်း က ပျက်နေလေဟန် ပုံဖော် လုပ်ဆောင် နေတာ လို့ မှတ်ယူ နေကြ ပါတယ်။