မုန်တိုင်းဒဏ်ခံ ရခိုင်ပြည်နယ်အတွင်း ဝမ်းရောဂါကြောင့် လူသေဆုံး

  • 27 အောက်တိုဘာ 2010
Image caption မုန်တိုင်းဒဏ်ခံ မြေပုံမြို့မှာ ဝမ်းရောဂါတွေဖြစ်

ဂီရိမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် မြေပုံမြို့နယ်ထဲက ကျေးရွာတချို့မှာ အစားအစာနဲ့ သောက်သုံးရေ ရှားပါးနေတဲ့အတွက် ဝမ်းရောဂါကြောင့် သေဆုံးသူများ ရှိနေတယ်လို့ သိရပါတယ်။

မုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ မြေပုံမြို့နယ်ထဲက တောင်ကြီးရင်ကျေးရွာမှာ ဝမ်းရောဂါနဲ့ မနေ့က လူ ၂ ဦး သေဆုံးပြီး ဒီကနေ့ မင်းပြားမြို့နယ်က မဏ္ဍိုင်ကျေးရွာမှာ အမျိုးသမီး ၁ ဦးလည်း ဝမ်းရောဂါနဲ့ သေဆုံးခဲ့ပါတယ်။

မုန်တိုင်းဒဏ်ကြောင့် ရေကန်တွေမှာ ဆားငံရေတွေဝင်လို့ သောက်ရေအခက်အခဲ ရိက္ခာအခက်အခဲတွေ ရှိနေတယ်၊ စားစရာမရှိလို့ အုန်းသီးတွေ အုန်းဖူးတွေဆွတ်ပြီး စားနေကြရတာတွေကြောင့် ဝမ်းရောဂါဖြစ်လာရတာလို့ မြေပုံမြို့ ဒေသခံတစ်ဦးက သူ့အမြင်ကို ပြောပြပါတယ်။

မြေပုံမြို့နယ် ကျွန်းသာယာ ပျဉ်ဝါးကျေးရွာအနီးမှာ လူသေအလောင်း ၄၀ ခန့်ဟာ သဂြိုလ်မယ့်သူမရှိပဲ ရေထဲမှာ မျောပါနေလို့ တခြားကူးစက်ရောဂါတွေ ကူးစက်လာ မှာကိုလည်း စိုးရိမ်နေကြရပါတယ်။

အခုလို ဝမ်းရောဂါဖြစ်ပွါးမှု များတဲ့ဒေသတွေကတော့ ကျွန်းငယ်တွေပေါ်မှာ တည်ရှိတဲ့ ကျေးရွာငယ်တွေမှာ ဖြစ်နေတယ်လို့ သိရပါတယ်။

အခုအချိန်အထိတော့ ကယ်ဆယ်ရေးပစ္စည်းတွေ သူတို့ဆီကို မရောက်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မြေပုံမြို့နယ်အတွင်း အဓိက လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဖွဲ့၆ ဖွဲ့က ကယ်ဆယ်ရေးပစ္စည်းတွေကို ဖြန့်ဖြူးဖို့ ကြိုးစားနေပေမဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သူတို့ဆီက တဆင့်သာ ဖြန့်ဝေကူညီရမယ်လို့ဆိုတဲ့အတွက် ကယ်ဆယ်ရေးပစ္စည်းတွေဟာ လေဘေးဒုက္ခသည်တွေဆီ အချိန်မီမရောက်နိုင်ဘဲ ကြန့်ကြာနေရတာ ဖြစ်တယ်လို့ သိရပါတယ်။