ဖိလစ်ပိုင် သမ္မတက ဒေါ်စုကို လွှတ်ဖို့ တောင်းဆို

  • 28 အောက်တိုဘာ 2010

ဖိလစ်ပိုင် သမ္မတ Benigno Aquino က ဒေါ်အောင်ဆန်း စုကြည်ကို ပြန်လွှတ် ပေးဖို့ တောင်းဆို တာကို မြန်မာ အစိုးရ ဘက်က လိုက်လျောတဲ့ တုံ့ပြန် ချက် မျိုး မတွေ့ရလို့ စိတ်ပျက် မိတယ်လို့ ထုတ်ဖော် ပြောလိုက် ပါတယ်။

Image caption အာဆီယံ နိုင်ငံတွေထဲ တိုးတိုးတမျိုး ကျယ်ကျယ် တဖုံ မြန်မာ့ အရေး တိုက်တွန်းနေ

ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့တော်မှာ ကျင်းပ နေတဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ တရား ဝင် ဆွေးနွေးမယ့် အကြောင်း အရာ တွေထဲမှာ မြန်မာ နိုင်ငံ အကြောင်းကို ထည့်သွင်း ထားတာ မဟုတ်ပေမဲ့ အာဆီယံ ခေါင်း ဆောင်တွေ ကြား မှာ မြန်မာ နိုင်ငံရဲ့ အခြေအနေဟာ မဖြစ် မနေ ပြောရ လောက် အောင်ကို အဖွဲ့ အစည်းရဲ့ ဂုဏ် သိက္ခာ အတွက် အရေးကြီး နေတဲ့ ကိစ္စ ဖြစ်နေ ပါတယ်။

အထူး သဖြင့် ဥပဒေကြောင်း အရ အငြင်းပွား စရာ ဖြစ်နေတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ထိန်းသိမ်း ထားတဲ့ ကိစ္စမျိုးကို အာဆီယံ ခေါင်းဆောင် တွေက မလိုလား ကြပါဘူး။ ဒါနဲ့ ပတ်သက်ပြီး တိုးတိုး တိတ်တိတ် နားချ တဲ့ နိုင်ငံ တွေ ရှိသလို အစည်း အဝေး ထဲမှာကို ထုတ်ဖော် ပြောခဲ့သူက ဖိလစ်ပိုင် သမ္မတ ဖြစ် ပါတယ်။ သမ္မတက ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား တွေ အားလုံး ကို ပြန်လွှတ် ပေးဖို့ နိုင်ငံ တကာနဲ့ အတူ ပါဝင် တောင်းဆို တယ်လို့ ပြောခဲ့တဲ့ အကြောင်း သူ့ရဲ့ ပြန်ကြားရေး အရာရှိ Ricky Carandang က ပြောပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်စုဝမ် ကတော့ ရွေးကောက်ပွဲ ပြီးရင် ဒေါ်အောင်ဆန်း စုကြည်ကို ဆက်ပြီး နေအိမ် အကျယ်ချုပ်နဲ့ ဖမ်းထား စရာ အကြောင်း မရှိပါဘူးလို့ မြန်မာ နိုင်ငံဘက်က ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီလို ပြောတာက တကယ် ပြန်လွှတ် ပေးမယ်လို့ ဆိုလိုတာလား ဆိုတာကတော့ မရှင်းလှ ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲ ပြီးလို့ ရက်ပိုင်း အတွင်းမှာပဲ သူ့ရဲ့ ပြစ်ဒဏ် စေ့မှာဖြစ်ပါတယ်။

တခါ လာမယ့် ရွေးကောက်ပွဲကို လေ့လာ စောင့်ကြည့်ဖို့ အာဆီယံ အတွင်း ရေးမှူးချုပ် ခေါင်းဆောင်တဲ့ အဖွဲ့ကို စေလွှတ် ချင်တယ်လို့ အာဆီယံက မြန်မာ အစိုးရကို အဆိုပြု ထားတာ ကိုလည်း ရှင်းလင်း တိကျတဲ့ အဖြေ မရသေးဘူးလို့ ဒေါက်တာ ဆူရင် ပစ်စုဝမ်က ပြောပါတယ်။

ဖိလစ်ပိုင် သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူကတော့ မြန်မာ အစိုးရဟာ ပြင်ပက စောင့်ကြည့် လေ့လာသူတွေကို လက်ခံကောင်း လက်ခံမယ် ဆိုတဲ့ စကားလုံးတွေ ပဲ ပြောသွား ခဲ့တယ်လို့ ဆို ပါတယ်။