စစ်အစိုးရရဲ့ ဒေါ်စုအပေါ် သဘောထား ကန်ပြစ်တင်

  • 29 အောက်တိုဘာ 2010
Suu Kyi
Image caption ရွေးကောက်ပွဲ မတိုင်ခင် ဒေါ်စုနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ကန်တောင်းဆို

ဒေါ်စုကို ရွေးကောက်ပွဲပြီးမှ လွှတ်ချင်လွှတ်မယ်လို့ စစ်အစိုးရက ပြောတာကို သူရဲဘောကြောင်တဲ့ အမြတ်ထုတ်မှုလို့ အမေရိကန်အစိုးရက ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန် လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ရွေးကောက်ပွဲ မတိုင်ခင် လွှတ်ပေးဖို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ တာဝန်ခံ Philip Crowley က ထပ်မံ တောင်းဆို လိုက်ပါတယ်။

ဒေါ်စုကို ရွေးကောက်ပွဲ အပြီးမှာ လွှတ်ပေးနိုင်တယ်လို့ နအဖ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက ဗီယက်နမ်က အာဆီယံ အစည်းအဝေးမှာ အရိပ်အမြွက် ပြောခဲ့ပါတယ်။

ဒီအတောအတွင်း မှာဘဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က စစ်အစိုးရကို စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်း ရှိမရှိ ကုလသမဂ္ဂ ကနေ စုံစမ်းစစ်ဆေးမှု လုပ်ဖို့ တောင်းဆိုမှုတွေကို ထောက်ခံကြောင်း အာရှ နိုင်ငံတွေကို သီတင်း နှစ်ပတ်ကြာ ခရီးစဉ်အဖြစ် ထွက်ခွာလာစဉ် ဟာဝိုင်ယီကျွန်းကို ရောက်ရှိခိုက်မှာ ပြောကြားသွားပါတယ်။

ဒီစုံစမ်းစစ်ဆေးမှုတွေ လုပ်ဖြစ်ရင် စစ်အစိုးရ ခေါင်းဆောင်တွေကို နိုင်ငံတကာ ဖမ်းဝရမ်း ထုတ်တာမျိုးထိ လုပ်လာနိုင်ပါတယ်။

မြန်မာနိုင်ငံ ထဲမှာတော့ စစ်အစိုးရက ရွေးကောက်ပွဲမှာ မဲမထည့် ထည့်အောင် နည်းအမျိုးမျိုးနဲ့ လုပ်နေရာမှာ တနင်္သာရီတိုင်းမှာ ရေလုပ်သားတွေ ဆီက ကြိုတင်မဲ ကောက်ယူနေပြီး ကြိုတင်မဲ ပေးထားတဲ့ အထောက်အထားရှိမှ ငါးဖမ်းလှေ ထွက်ခွင့်ပြုတဲ့နည်းနဲ့ မဲမထည့် ထည့်အောင် လုပ်နေတယ်လို့ သတင်းရရှိပါတယ်။

မဲပေး ရာမှာလည်း ကြံဖွံ့ရဲ့ ခြင်္သေ့ အမှတ်အသားပါတဲ့ ကိုယ်စားလှယ်လောင်း ကိုပဲ မဲထည့်ဖို့ ခြိမ်းခြောက် အကြပ်ကိုင်တာတွေ ရှိနေတယ်လို့ ရေလုပ်သားတွေက ဘီဘီစီကို ပြောပြခဲ့ပါတယ်။