နိုင်ငံရေးအကျဉ်းသားတွေလွှတ်ဖို့ ဘန်ကီမွန်း ထပ်မံတောင်းဆို

  • 29 အောက်တိုဘာ 2010

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီကနေ့ သတင်းထောက် တွေနဲ့ တွေ့ဆုံပြီး မြန်မာအစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသား တွေကို ပြန်လွှတ် ပေးဖို့ အခု အချိန်မှာ ဆိုရင်လည်း နောက်မကျ သေးတဲ့ အကြောင်း၊ ပြန်လွှတ် ပေးသင့်တဲ့ အကြောင်း ထပ်ပြော ခဲ့တယ်လို့ သိရပါတယ်။

Image caption ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း

ဗီယက်နမ် နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီး ညီလာခံမှာ ဒီကနေ့ အာဆီယံနဲ့ ဂျပန်၊ အာဆီယံနဲ့ တောင်ကိုရီးယား၊ အာဆီယံနဲ့ တရုတ် ဆွေးနွေးပွဲတွေ ကျင်းပ ကြသလို တခြား အာဆီယံ ထိပ်သီး ညီလာခံနဲ့ ဆက်စပ် ပြီးတော့ ဆွေးနွေး ကြတဲ့ ဆွေးနွေးပွဲ တွေလည်း ပြုလုပ်ခဲ့ ပါတယ်။

မနေ့က ညီလာခံအပြီး နိုင်ငံခေါင်းဆောင်တွေ ညစာစားပွဲ အတူ တက်ရောက်ကြတဲ့ အချိန်မှာ ဖိလစ်ပိုင် သမ္မတ အကွီနိုက မြန်မာ ဝန်ကြီးချုပ်ကို ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတ တဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်၊ အားလုံး ပါဝင်နိုင် ရမယ်လို့ ပြောဆို ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို ပြောဆိုမှုတွေ အပေါ် မြန်မာ အစိုးရ ဘက်က တိတိ ကျကျ ပြန်လည် ပြောဆိုတာ မျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

ဒေသတွင်း ဆိုင်ရာ ကိစ္စတွေ ဆွေးနွေး ကြတဲ့ အထဲမှာ တရုတ်နဲ့ ဂျပန် ၂ နိုင်ငံရဲ့ တောင် တရုတ် ပင်လယ်ထဲက စပရက်စလေ ကျွန်းစု ပိုင်ဆိုင်ခွင့် အငြင်းပွါးမှု ဖြေရှင်း နိုင်ရေး ကိစ္စ၊ ဂျပန်နဲ့ အာဆီယံ မဲခေါင် မြစ်ဝှမ်း ဒေသ အတွက် ဘယ်လို ပူးပေါင်း ဆောင်ရွက် ကြမလဲ ဆိုတဲ့ ကိစ္စနဲ့ ဒေသတွင်း စီးပွါးရေးကို ဘယ်လို တိုးမြှင့် ဆောင်ရွက် ကြမလဲ ဆိုတဲ့ ကိစ္စတွေ အဓိကထား ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။