ဒေါ်စု ရဲ့ နောက်ဆုံး အယူခံ ကြားနာ

  • 29 အောက်တိုဘာ 2010

မြန်မာ နိုင်ငံ တရားရုံးချုပ်က နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ နောက်ဆုံး အယူခံ လျှောက်လဲချက်ကို ဒီကနေ့ ကြားနာ ခဲ့ပါတယ်။

Image caption ကမ္ဘာ တဝန်းမှာ ဒေါ်အောင်ဆန်း စုကြည်ကို လွှတ် ပေးဖို့ တောင်းဆို နေ

ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ် အကျယ် ချုပ်နဲ့ ထိန်းသိမ်း ထားတဲ့ တရား ရုံးချုပ်ရဲ့ ဆုံးဖြတ်ချက် ကို ပြင်ဆင် ပေးဖို့ အထူး အယူခံ လျှောက်လဲ ချက်ကို သူ့ ရှေ့နေ တွေက နေပြည်တော်မှာ ရှိတဲ့ တရား ရုံးချုပ်မှာ သွားရောက် လျှောက်လဲ ခဲ့ ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရှေ့နေ တစ်ယောက် ဖြစ်တဲ့ ဦးကြည်ဝင်းက ၁၉၇၄ ခု ဖွဲ့စည်းပုံ ဥပဒေဟာ ၁၉၈၈ ခုနှစ် အတွင်း ဖြစ်ခဲ့တဲ့ အခြေအနေ အရပ်ရပ်ကြောင့် ရပ်ဆိုင်း သွားပြီလို့ အခု လက်ရှိ အစိုးရ က ကြေညာ ထားပြီး ဖြစ်လို့ အဲဒီ ဥပဒေ ထဲက ပုဒ်မ ၅ ခုနဲ့ ဒေါ်အောင်ဆန်း စုကြည် ကို အရေးယူ တာဟာ ဥပဒေနဲ့မညီ ဘူး ထောက်ပြ ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်နဲ့အတူ ဒေါ်ဝင်းမမ၊ ဒေါ်ခင်ခင်ဝင်း တို့ ကို နေအိမ် အကျယ်ချုပ် စည်းကမ်း ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၃ နှစ်စီ ချပြီးတဲ့ နောက် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ချတာဟာ ဥပဒေနဲ့ ကိုက်ညီခြင်း မရှိဘူး လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ တွေက ပြောပါတယ်။

သူတို့ သုံးယောက် စလုံးဟာ လွှတ်ရက် စေ့ကာနီး ဖြစ်နေ ပေမဲ့ သူတို့ကို အပြစ် မရှိဘဲ အရေးယူခဲ့တာ ကို ထောက်ပြဖို့အတွက် အယူခံ ဝင်တာ လို့ ရှေ့နေကြီး ဦးဉာဏ်ဝင်း က ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ဘီဘီစီကို ပြောခဲ့ ပါတယ်။

မနှစ်တုန်းက အမေရိကန် နိုင်ငံသား ဂျွန် ယက်တော ဆိုသူ ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဖိတ်ခေါ်ခြင် မရှိဘဲ ရေကူး ဝင်ရောက်လာခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သုံးယောက် စလုံး အခု လက်ရှိ ပြစ်ဒဏ် ကျခံ နေရတာ ဖြစ်ပါတယ်။