ရွေးကောက်ပွဲကို ဖိလစ်ပိုင် ဝန်ကြီး ဝေဖန်

  • 30 အောက်တိုဘာ 2010
asean
Image caption အာဆီယံ ထိပ်သီး ညီလာခံ ကျင်းပ ပြီးစီး

မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတမှု မရှိဘဲ အတုအယောင်သာ ဖြစ်လိမ့်မယ် ဆိုပြီး ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး အယ်လ်ဘာတို ရိုမြူလို က အာဆီယံ ထိပ်သီး ညီလာခံ နောက်ဆုံးနေ့ မှာ ပြောကြားလိုက်ပါတယ်။

ဒါ့ကြောင့် ၁၉၉၀ ရွေးကောက်ပွဲလိုတော့ ၂၀၁၀ ရွေးကောက်ပွဲဟာ တရားဝင်မှာ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲကိစ္စ အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ စကား ပြောခဲ့ရာမှာ ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတရမယ်၊ သက်ဆိုင်သူတွေ အားလုံး ပါဝင် နိုင်ခွင့် ရှိရမယ်လို့ ပြောသွားကြောင်း၊ ဒါပေမဲ့လည်း အခုတကယ့် တကယ်မှာတော့ အားလုံး ပါဝင် နိုင်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတာ သေချာနေသလို လေ့လာ အကဲခတ် သူတွေလည်း ထားခွင့် မရှိတာ တွေ့ရကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးက ဘီဘီစီကို ပြောပါတယ်။

နိုင်ငံခြား သံရုံးက ဝန်ထမ်းတွေကို မဲရုံတွေမှာ လေ့လာ စောင့်ကြည့်ခွင့် ပြုမယ်လို့ ဆိုပေမဲ့ မဲရုံ အရေအတွက်နဲ့ ယှဉ်ရင် လေ့လာ စောင့်ကြည့် နိုင်မဲ့ ရာခိုင်နှုန်းအားက ဒဿမ ၀၀၀၁ ရာခိုင်နှုန်းလောက်ဘဲ ရှိလိမ့်မယ်လို့ ဆိုပါတယ်။

တခါ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟေလာရီ ကလင်တန် ကလည်း အာဆီယံ အစည်းအဝေးကို အလာ သောကြာနေ့က ဟာဝိုင်အီမှာ အာရှ ဒေသဆိုင်ရာ အမေရိကန် ပေါ်လစီအကြောင်း ပြောစဉ် မြန်မာအကြောင်းကို ပြတ်ပြတ်သားသား ထည့်သွင်း ပြောသွားပါတယ်။

Image caption အာရှ ဆိုင်ရာ အမေရိကန် ပေါ်လစီမှာ မြန်မာကိစ္စကို ပြတ်ပြတ်သားသား ပြောသွား

ကမ္ဘာတဝှမ်းက လူသန်း ထောင်ပေါင်းများစွာ တောင်းဆိုနေသလို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ အမေရိကန် ပြည်ထောင်စု ကလည်း ပါဝင် တောင်းဆို ကြောင်းနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း ထူထောင်နိုင်ဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ကုလသမဂ္ဂမှာ မိတ်ဆွေ နိုင်ငံတွေ၊ တခြားနိုင်ငံတွေနဲ့ နီးနီးကပ်ကပ် ဆွေးနွေးတိုင်ပင် လုပ်ကိုင်သွားမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟေလာရီ ကလင်တန် က ပြောသွားပါတယ်။

ရွေးကောက်ပွဲ ကျင်းပပေးရုံလောက်နဲ့ ဒီမိုကရေစီ ဖြစ်ထွန်းလာမှာ မဟုတ်ဘူးလို့လည်း မစ္စစ်စ် ကလင်တန်က ပြောသွားပါတယ်။

ဒါပေမဲ့လည်း ညီလာခံ တက်လာတဲ့ သံတမန်တွေနဲ့ စကား ပြောကြည့်ရင် ရိပ်မိနိုင်တဲ့ အချက်က အခုချိန်မှာ အာဆီယံနဲ့ နိုင်ငံတကာအနေနဲ့ ရွေးကောက်ပွဲကို ပြင်နိုင်ဖို့ထက် ရွေးကောက်ပွဲ ပြီးရင် ဘာဆက်လုပ်ကြမလဲ ဆိုတာကိုသာ အာရုံထားနေကြတဲ့ပုံမျိုး ရှိနေတယ်လို့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။