နအဖ ရွေးကောက်ပွဲ ဖိလစ်ပိုင် ဝေဖန်

  • 31 အောက်တိုဘာ 2010
ASEAN summit
Image caption ဟနွိုင်းက အာဆီယံ ထိပ်သီး စည်းဝေးပွဲက နအဖ နိုင်ငံခြားရေး ဝန်ကြီး

နိုဝင်ဘာ ရွေးကောက်ပွဲဟာ ပါတီစုံ ပါဝင်ခြင်း မရှိသလို လေ့လာစောင့်ကြည့် သူလည်း စေလွှတ်လို့ မရကြောင်း ဟနွိုင်းက အာဆီယံ ထိပ်သီး စည်းဝေးပွဲမှာ ဖိလစ်ပိုင် နိုင်ငံက ဝေဖန် သွားပါတယ်။

အာဆီယံ အဖွဲ့အနေနဲ့ကတော့ ရွေးကောက်ပွဲ အပြီး ဘာဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ကြမဲ့ သဘောမျိုး တွေ့နေရပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က ၂၀၁၀ ရွေးကောက်ပွဲဟာ အများ ယုံကြည်လက်ခံတဲ့ လွတ်လပ် တရားမျှတပြီး အားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ လိုတယ်လို့ ပြောသွားပေမဲ့ သူမြင်ရသလောက်တော့ ဒီလို ဖြစ်မှာ မဟုတ်ဖူးလို့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး အယ်လဘတ်တို ရိုမြူလိုက ပြောသွားပါတယ်။

တဘက်မှာ သြစတြေးလျကလည်း ခုရွေးကောက်ပွဲပေါ် သံသယ ကြီးကြီးမားမား ရှိတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ခုရွေးကောက်ပွဲဟာ တရားမျှတမှု မရှိသလို ဝင်ပြိုင်မဲ့ နိုင်ငံရေး ပါတီတွေကိုလဲ ကန့်သတ်မှုကြီးတွေ ကြီးကြီးမားမား လုပ်ထားတယ်လို့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ကဲဗင်ရပ်က ပြောပြသွားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ အလွန် ကာလကိုပဲ ကြည့်သင့်တယ်လို့ အာဆီယံက ပြောနေတဲ့ အတွက် ဒီရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ မျှော်လင့်ချက်ကို အာဆီယံက စွန့်လွှတ်လိုက်ပြီလားလို့ မေးစရာ ဖြစ်နေပါတယ်။

ဒါပေမယ့် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးကတော့ ဒီမျှော်လင့်ချက်ကို မစွန့်သင့်ဘူးလို့ ပြောသွားပါတယ်။