မဲမပေးခွင့် စာစောင်ဖြန့်တဲ့ NLD လူငယ်တွေ စစ်မေးခံရ

  • 31 အောက်တိုဘာ 2010
Image caption လူ ၅ ယောက်ထက် ပိုတယ်ဆိုတဲ့ အကြောင်းပြချက် နဲ့ ရဲက တားဆီးခဲ့

တောင်ဒဂုံမြို့နယ်မှာ မဲမပေးရေး စာရွက် စာတမ်း ဖြန့်ဝေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တွေကို ရဲက ရပ်တန့်ခိုင်း ပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။

ဒီကနေ့မနက် ၁၀ နာရီလောက်က ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှာ မဲမပေးပဲ နေနိုင်ခွင့် ရှိတယ် ဆိုတဲ့ လက်ကမ်းစာစောင် ဖြန့်ဝေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်လူငယ် ၈၀ လောက်ရှိတဲ့ အဖွဲ့ကို လူ ၅ ယောက်ထက် ပိုစုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲဘက်က တားဆီးခဲ့တယ်လို့ သိရပါတယ်။

လက်ကမ်းစာစောင် ဖြန့်ဝေတဲ့အထဲက အမျိုးသမီး လူငယ်တစ်ဦးက သူတို့ဟာ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိသလို လွတ်လပ်စွာ မဲမပေးပိုင်ခွင့်လည်း ရှိတယ်ဆိုတဲ့ လက်ကမ်းစာစောင်တွေ ပြည်သူတွေကို ဝေပေးတဲ့အကြောင်း၊ ဒါကို ရဲက လာပြီး ၅ ယောက်ထက်ကျော်လို့ မရဘူး ဒါကြောင့်မို့ ၃ ယောက်စီ တန်းစီခိုင်း၊ နာမည်မေး၊ ဘယ်က လာတာလဲလို့ စစ်မေးခံရတဲ့ အကြောင်း၊ အရပ်ဝတ်ရဲ နံပါတ်တုတ်ကိုင်ရဲ အပါအဝင် လုံခြုံရေးအင်အား ၈၀ ကျော် ၁၀၀ ဝန်းကျင်လောက်ရှိမယ်လို့ ဘီဘီစီကို ပြောပါတယ်။

စာစောင်ဖြန့်ဝေကြတဲ့ လူငယ်တွေဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဦးဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါရှိတဲ့ တီရှပ်တွေကို ဝတ်ဆင်ထားကြပါတယ်။

သူတို့ဟာ တောင်ဒဂုံမြို့နယ်က ရပ်ကွက်(၂၀)၊ ၁ လမ်းမှာ NLD မြို့နယ်ကော်မီတီက ဦးစီးကျင်းပတဲ့ သက်ကြီးပူဇော်ပွဲက အပြန် ဒီလက်ကမ်းစာစောင်တွေ ဝေခဲ့ကြတာပါ။ ဖမ်းဆီးခံရတာတော့ မရှိပါဘူး။

NLD ဟာ စစ်အစိုးရက ကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ထားသလို ဥပဒေ အရ ဘယ်သူမဆို လွတ်လပ်စွာ မဲမပေးပဲ နေပိုင်ခွင့်ရှိတယ် ဆိုတဲ့ စည်းရုံးလှုံ့ဆော်မှုကိုပါ ဆက်လက် ဆောင်ရွက်လိုက်တာပဲ ဖြစ်ပါတယ်။