ရခိုင်လေဘေး ကယ်ဆယ်ရေး

  • 1 နိုဝင်ဘာ 2010
Cyclone Giri
Image caption မုန်တိုင်းသင့် ကျောက်ဖြူမြို့

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က တိုက်ခတ် သွားခဲ့တဲ့ ဂီရိ မုန်တိုင်းဒဏ် ခံခဲ့ ရတဲ့ ရခိုင် ပြည်နယ် မြေပုံ မြို့နယ်ထဲမှာ လေဘေး အကူ အညီပေးတဲ့ အဖွဲ့ ၁၁ ဖွဲ့ ရှိနေပြီ ဖြစ်ပေမယ့် ကျေးရွာ တချို့ဆိုရင် အခုအထိ အကူအညီတွေ မရောက်နိုင်သေးဘူးလို့ သိရပါတယ်။

လူမှု ကယ်ဆယ်ရေး လုပ်ငန်းမှာ ပါဝင် လုပ်ကိုင် နေသူ မြေပုံ ဒေသခံ တစ်ဦးကတော့ မြေပုံမြို့နယ်ဟာ ကျွန်းတွေ ချောင်းတွေ မြောင်းတွေ များတဲ့မြို့ ဖြစ်တာရယ်၊ လေဘေးကြောင့် လှေတွေ မော်တော်တွေ အကုန်လုံး ပျက်စီး နေတာ ရယ်ကြောင့် အကူ အညီ ပေးရေး အဖွဲ့တွေ အနေနဲ့ အလျင် အမြန် မသွားရောက်နိုင်ပဲ ဖြစ်နေတဲ့ အကြောင်းနဲ့ ဒေသခံ အာဏာပိုင်တွေက သွားခွင့် မပေးလို့ သွားလို့ မရသေးတာတွေကြောင့် တချို့ ရွာတွေဆီ ကယ်ဆယ်ရေး ပစ္စည်းတွေ မရောက် နိုင်သေး တာဖြစ်တယ်လို့ ရှင်းပြပါတယ်။

အခုဆိုရင် အိမ်ခြေ ၃၀၀၀ ခန့်ရှိတဲ့ မြေပုံမြို့ဟာ အိမ် ၂၀၀၀ ခန့်မုန်တိုင်း ဒဏ်ကြောင့် ပျက်စီး သွားခဲ့ပြီ ဖြစ်ပါတယ်။ နယ်မှာတော့ အိမ်ခြေ ၈၀၀၀ ခန့် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

WFP က တော့ အကူ အညီ ပေးခွင့် ရရေး ဒေသခံ အာဏာပိုင်တွေနဲ့ ညှိနှိုင်းနေဆဲ ဖြစ်တဲ့ အကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းကတော့ ယူနီဆက်က ပို့ပေးတဲ့ ပစ္စည်း ၂၄ မျိုးပါ အထုပ်တွေ အိမ်ထောင်စု ၆၀၀ လောက်ကို ဝေပေးပြီး ဖြစ်တယ်လို့ မြေပုံ ဒေသခံကပဲ ဘီဘီစီကို ပြောပြပါတယ်။

အခုအခါ မုန်တိုင်းကြောင့် အပျက်အစီး တွေကို ရှင်းလင်း ဖယ်ရှားဖို့ ရာချီတဲ့ စစ်သား တွေလည်း ရောက်ရှိနေပြီ ဖြစ်ပါတယ်။

လေဒဏ်ကြောင့် တာတမံတွေ လယ်ကွင်းတွေ ပုဇွန်ကန်တွေ အပြင် ငါးလုပ်ငန်းကိုပါ အကြီးအကျယ် ထိခိုက် ပျက်စီးခဲ့ပြီမို့ မြေပုံမြို့ ပြန်လည် ထူထောင်ရေးကို နှစ်ချီပြီး အချိန်ယူ လုပ်ဆောင် ရဖွယ်ရှိတယ်လို့ ခန့်မှန်း ပြောဆိုကြပါတယ်။