ပြည်တွင်း အဝင်အထွက် ပိတ်ဖို့ နအဖ ကြိုးစားနေ

  • 2 နိုဝင်ဘာ 2010
Image caption Reporter without borders

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ ဆယ်ရက်တောင် မကြာတော့တဲ့ အချိန်မှာ စစ်အစိုးရက ပြည်တွင်းပြည်ပ သတင်းသမားတွေကို ဖိအားပေးမှုတွေ တိုးလုပ် လာနေပါတယ်။

သတင်း ဆင်ဆာ ဖြတ်တောက်မှုတွေ ပိုမိုတင်းကြပ်လာပြီး တားမြစ်ထားတဲ့ ရွေးကောက်ပွဲ ဆိုင်ရာသတင်းတွေနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပ သတင်းထောက်တွေ အပေါ် အရေးယူ အပြစ်ပေးမယ့် စည်းမျဉ်းသစ်တွေကိုလည်း ပြဌာန်း ခဲ့ပါတယ်။

လတ်တလောမှာ အင်တာနက် ဆက်သွယ်မှုတွေ ပြတ်တောက် နှေးကွေး နေတာက စစ်အစိုးရရဲ့ ကန့်သတ် ထိန်းချုပ်မှု တွေကို ပြသနေပြီး ရွေးကောက်ပွဲ ကာလမှာ တိုင်းပြည်ထဲ အဝင်အထွက် လုပ်ခွင့်မပြုဘဲ စစ်အစိုးရက တင်းကျပ်လိုက်မှာကို ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်း သမားများအဖွဲ့က စိုးရိမ်နေပါတယ်။

အဲဒီလို အခြေအနေသာ ဖြစ်ခဲ့ရင် ရွေးကောက်ပွဲမှာ အတိုက်အခံတွေ အနိုင်ရပြီး ဆန္ဒပြမှုတွေ ပေါ်ပေါက်လာပါက စစ်အစိုးရက ရက်ရက်စက်စက် လွတ်လပ်စွာ နှိမ်နင်းနိုင်ဖို့ အခွင့်ရ သွားလိမ့်မယ် လို့ဆိုပါတယ်။

အခုလက်ရှိ အခြေအနေမှာ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်း လွတ်လပ်ခွင့် မပေးတာကြောင့် ဒီရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘဲ ပယ်ချဖို့ အာစီယမ်နဲ့ မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေကို နယ်စည်းမခြား သတင်းသမား အဖွဲ့က တိုက်တွန်းပါကြောင်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။