မြန်မာနိုင်ငံ အပြောင်းအလဲ အတွက် နိုင်ငံတကာက လုပ်သင့်

  • 1 နိုဝင်ဘာ 2010
jody_williams
Image caption နိုဘယ်လ်ဆုရှင် ဂျိုဒီ ဝီလျမ်ကို ဘီဘီစီ ဝိုင်းတော် သား ဦးကိုကိုအောင် တွေ့ဆုံ မေးမြန်းစဉ်

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်မှုကို ဆက်ပြီး ခံစားနေရတဲ့ အတွက် အပြောင်းအလဲ ဖြစ်လာအောင် နိုင်ငံတကာက အရေးတကြီး ဆောင်ရွက်ပေးဖို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေ အားလုံး ပူးပေါင်းပြီး WLB အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) နဲ့အတူ နိုဘယ်လ်ဆုရှင် ဂျိုဒီဝီလျမ်တို့က ထိုင်းနိုင်ငံမှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး တိုက်တွန်းခဲ့ပါတယ်။

ဂျိုဒီဝီလျမ်ကို ဘန်ကောက် ဘီဘီစီ စတူဒီယိုမှာ သီးသန့် ဖိတ်ကြားပြီး ဦးကိုကိုအောင်က မေးမြန်းခဲ့ရာမှာ သူမက လာမဲ့ ရွေးကောက်ပွဲရဲ့ ရလာဒ် ဘယ်လို ထွက်လာမလဲ ဆိုတာ သိထားပြီး ဖြစ်တာမို့ ဒီရွေးကောက်ပွဲအတွက် အချိန်ကုန်ခံ ငြင်းခုန်နေကြတာ အဓိပ္ပါယ်မရှိဘူးလို့ ထင်ကြောင်း၊ တကယ် အရေးကြီးတဲ့ အချက်က မြန်မာပြည်မှာ လွတ်လပ်မှုနဲ့ တရားမျှတမှုကို ဘယ်တော့ ရနိုင်မလဲ ဆိုတဲ့အချက် ဖြစ်ပြီး အပြောင်းအလဲကို ဒါနဲ့ တိုင်းတာရမှာ ဖြစ်ကြောင်း ပြောသွားပါတယ်။

သတင်း မီဒီယာတွေနဲ့ အစိုးရတွေက ဒီရွေးကောက်ပွဲ အပေါ် အာရုံစိုက် စောင့်ကြည့်နေ ပေမယ့် သူမတို့လို အရပ်ဖက် အဖွဲ့အစည်းတွေကတော့ စောင့်ကြည့်နေရုံ အဆင့် တင်မက မြန်မာ အစိုးရ အပေါ် စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးဖို့ တိုက်တွန်း နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီလို စုံစမ်းရေး ကော်မရှင် ဖွဲ့ရေးကို အစိုးရတွေက စလုပ်လာအောင် ထိုင်စောင့်နေလို့ကတော့ ဘာမှ ဖြစ်လာနိုင်မှာ မဟုတ်ကြောင်း၊ ကမ္ဘာ့နိုင်ငံ အစိုးရတွေ၊ အာဆီယံနိုင်ငံတွေက သူတို့ဟာ မြန်မာနိုင်ငံရဲ့ သယံဇာတတွေကို မြန်မာ ပြည်သူတွေထက် ပိုစိတ်ဝင်စားတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြခဲ့ကြပြီး ဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်လာအောင် အရပ်ဖက် အဖွဲ့ အစည်းတွေ အားလုံးက စုပေါင်း တွန်းအားပေး ရမှာဖြစ်ကြောင်း ဂျိုဒီဝီလျမ် က ပြောသွားပါတယ်။