သေပြီးသူကို မဲပေးခိုင်း ဦးမလား

  • 1 နိုဝင်ဘာ 2010
USDA
Image caption တရား မျှတ မှုနဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်ခံ နေရတဲ့ ကြံ့ခိုင် ရေးပါတီ

ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ထုတ်ပြန်တဲ့ မဲပေးပိုင်ခွင့် ရှိသူစာရင်းမှာ သေဆုံးသွားခဲ့ပြီးသူနဲ့ အသက် မပြည့်သေးသူတွေကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

မဲစာရင်းကို ကိုယ်တိုင်မြင်တွေ့ ဖတ်ရှုခဲ့သူ ဒေသခံတစ်ဦးက ကော့မှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရဲ့ အစီရင်ခံစာမှာ ပါတဲ့ မဲပေးခွင့်ရှိသူစာရင်းထဲမှာ လူမရှိပဲဖြစ်နေတဲ့သူတွေ သေဆုံးသွားတဲ့သူတွေ အသက်မပြည့်သေးသူတွေ ပါဝင်နေတာကို တွေ့ရတဲ့အကြောင်း ပြီးတော့ လူ နှစ်ခါထပ်တွေလည်း ပါနေကြောင်း ဘီဘီစီကို ပြောပါတယ်။

အခုလို မဲပေးပိုင်ခွင့်စာရင်းတွေ အမှားမှားအယွင်းယွင်းဖြစ်နေတဲ့ကိစ္စ တိုင်း ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်မယ်လို့ ပြောတဲ့အခါ မြို့နယ်ကော်မရှင်က တိုင်ချင်ရာတိုင်လို့ ပြောတဲ့အကြောင်း အဲဒီဒေသခံကပဲ ပြောပါတယ်။

စာရင်းအရ လူမရှိတာ သေဆုံးတာ ၂၆ ဦး၊ အသက်မပြည့်သေးသူနဲ့ နာမည် နှစ်ခါထပ်နေသူတွေရဲ့ စာရင်းကိုတော့ အတိအကျ မဖတ်ရှုလိုက်ဘူးလို့လည်း ဆိုပါတယ်။

ဒီလို မဲပေးပိုင်ခွင့်စာရင်းတွေ အမှားမှားအယွင်းယွင်းဖြစ်အောင် ပြုစုထားတာနဲ့ပတ်သက်ပြီး မဲစာရင်းကောက်ယူရသူထဲမှာလည်း မကျေမနပ်ဖြစ်နေကြရတယ်လို့လည်း သိရပါတယ်။