သာစည် ကြံ့ခိုင်ရေးနဲ့ တပ်မတော်သားတွေ ခိုက်ရန်ဖြစ်

  • 2 နိုဝင်ဘာ 2010
USDP
Image caption သာစည်မှာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက ငွေအမြောက် အများ သုံးပြီး မဲဆွယ်နေ

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ သာစည်မြို့ အခြေချ ခမရ ၄၁၉ က တပ်သားတွေနဲ့ သာစည်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ စနေနေ့ နေ့လည် ပိုင်းက ခိုက်ရန် ဖြစ်ပွားခဲ့ ကြပါတယ်။

အဲဒီ ခိုက်ရန် ဖြစ်ပွားမှုမှာ တပ်သား ၈ဦး ဒဏ်ရာ ရခဲ့ပြီး အခု အခါ မိထ္ထီလာ ဆေးရုံကို ပို့ထားရသလို ကြံ့ခိုင်ရေး ပါတီ ဖက်ကတော့ ၉ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ခိုက်ရန်ဖြစ်ပွားမှုမှာ ပါခဲ့တဲ့ တပ်သား က ဘီဘီစီကို ပြောပြပါတယ်။

တပ်မတော်သားတွေ စားဝတ်နေရေး မပြေလည်တဲ့ကိစ္စကို ဘယ်လို ဖြေရှင်း ဆောင်ရွက် ပေးဖို့ စီစဉ် ထားသလဲလို့ ရွေးကောက်ပွဲအတွက် မဲဆွယ်နေတဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီဝင်တွေကို တပ်သားတွေက မေးမြန်းရာမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီဝင်တွေက ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောရာကနေ ခိုက်ရန် ဖြစ်ပွားခဲ့ကြတာလို့ ဆိုပါတယ်။

အဲဒီ ခိုက်ရန် ဖြစ်ပွားမှုမှာ ခမရ ၄၁၉ က တပ်သားတွေနဲ့အတူ ခမရ ၄၂၀ က တပ်သား တွေလည်း ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။

တပ်သားတွေက တပ်ရင်းကို ပြန်ပြီး လက်နက်တွေ ပြန်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ တပ်ရင်းမှူးနဲ့ အထက်အရာရှိတွေက တားဆီးခဲ့တယ်လို့ ဆိုပါတယ်။

တကယ်တော့ ဒီခိုက်ရန် ဖြစ်ပွားမှုဟာ ငွေကြေး အမြောက်အများ သုံးပြီး မဲဆွယ်နေတဲ့ သာစည်မြို့က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဝင်တွေနဲ့ စားဝတ်နေရေး ကြပ်တည်းနေတဲ့ တပ်မတော်သားတွေအကြား အချင်းများရာကနေ ပေါ်ပေါက်လာခဲ့တဲ့ ခိုက်ရန် ဖြစ်ပွားမှု ဖြစ်ပေမဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီဝင်တွေ စစ်တပ်ထဲ လာရောက် စည်းရုံးခဲ့တဲ့ ပြီးခဲ့တဲ့လကတည်းက စပြီး တပ်သားတွေက မကြေမနပ် ဖြစ်နေကြတာလို့ တပ်သားတွေက ပြောပြပါတယ်။