ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲဆန့်ကျင် စာရွက်တွေ ဖြန့်

  • 3 နိုဝင်ဘာ 2010
Image caption မဲမပေးကြဖို့ လှုပ်ရှားနေတဲ့ NLD လူငယ်တွေ

မြန်မာနိုင်ငံ ရွေးကောက်ပွဲမှာ မဲမထည့်ကြဖို့ လှုံ့ဆော်တဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပါ စာရွက်စာတမ်းတွေကို NLD လူငယ်တွေ ဖြန့်ဝေနေကြရာမှာ တောင်ဒဂုံမြို့သစ်မြို့နယ် ရပ်ကွက် ၇၁ မှာ အာဏာပိုင်တွေက ပိတ်ပင်တားဆီးတာ စစ်ဆေးတာ ဖမ်းဆီးတာတွေ လုပ်တဲ့အပြင် ကင်မရာကိုပါ သိမ်းဆည်းသွားခဲ့ပါတယ်။

မြို့နယ်မှူးအပါအဝင် SP မြို့နယ်ရဲတပ်ဖွဲ့ တိုက်ခိုက်ရေး၊ စွမ်းအားရှင်၊ ရယက ၊အကုန်လုံးက ဝိုင်းပြီး လမ်းထိပ်ကနေပြီး တားကြတဲ့အကြောင်း၊ ရဲတွေက သူ့လက်ထဲက ကင်မရာကို အတင်းသိမ်းယူခဲ့ပုံကို အမှတ် ၃၉ လိုင်း ကားပေါ်အတက်မှာ ဆွဲချဖမ်းဆီးခံခဲ့ရတဲ့ NLD လူငယ် ကိုအေးသွင်က ပြောပြပါတယ်။

ရယက ရုံးမှာ နံမည် အဖေနံမည် မှတ်ပုံတင်နံပါတ် နဲ့ ပါတီတာဝန်တွေကို မေးမြန်းရေးမှတ်ပြီး သူကို ပြန်လွှတ်လိုက်တယ်လို့ သူက ပြောပါတယ်။

ဆိပ်ကမ်းမြို့နယ် ယုဇနအိမ်ယာမှာတော့ NLD လူငယ်တွေက စာရွက်စာတမ်းတွေ ဖြန့်ဝေတဲ့အခါ အာဏာပိုင်တွေက ပိတ်ဆို့တားဆီးခဲ့ပေမဲ့ လူ ၅ ယောက်ထက်ပိုပြီး မစုဖို့ ပြောဆိုပြီး ထပ်မံ တားဆီးခဲ့ခြင်း မရှိဘူးလို့ NLD လူငယ်တွေက ပြောပါတယ်။

မြန်မာနိုင်ငံ ဒိမိုကရေစီရေး တက်ကြွစွာလှုပ်ရှားသူများ တပ်ပေါင်းစုကလည်း ဒီကနေ့ ရွေးကောက်ပွဲဆန့်ကျင်တဲ့ စာရွက်စာတမ်းတွေကို ရန်ကုန်မြို့ နေရာတော်တော်များများမှာ ဖြန့်ဝေခဲ့တယ်လို့ ပြောပါတယ်။