ပြည်သူတွေ ခံစားနေရတာကို ကမ္ဘာက သိစေချင်

  • 4 နိုဝင်ဘာ 2010

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က နိုင်ငံခြားကနေ မြန်မာပြည်ကို လာရောက်မယ့် ကမ္ဘာလှည့်ခရီးသည် တွေကို ကြိုဆိုတယ်လို့ ဆိုကြောင်း London Times သတင်းစာမှာ သတင်းထောက် Kenneth Denby ကရေးသားခဲ့ပါတယ်။

Image caption "ပြည်သူတွေ ခံစားနေကြရတာကို လာကြည့် စေချင်တယ်" လို့ ဦးဝင်းတင် ပြော

ဦးဝင်းတင် ကတော့ သူဆိုလိုတဲ့ အဓိပ္ပါယ်က အစိုးရ မြှင့်တင်ဖို့ ကြိုးစားနေတဲ့ ခရီးသွား စီးပွားရေး လုပ်ငန်းကို အားပေးတဲ့ ရည်ရွယ်ချက် မဟုတ်ကြောင်း၊ တဦးချင်း အနေနဲ့ လာရောက် လည်ပတ်ပြီး မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို ကြည့်ရှု စေလိုကြောင်းသာ ပြောတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ အစိုးရ အနေနဲ့ ခရီးသွား လုပ်ငန်းကနေ ဝင်ငွေရပြီး အဲဒီ ဝင်ငွေနဲ့ အများ ပြည်သူကို ဖိနှိပ်မှု မလုပ်အောင် ဟန့်တားချင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒ ကတော့ အပြောင်းအလဲ မရှိဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အတွင်း ဆင်းရဲ ကြပ်တည်းမှုတွေ၊ လူ့အခွင့် အရေး ချိုးဖောက် ခံရမှုတွေကို ပြည်ပကလူတွေ သေသေချာချာ နားမလည်ဘူးလို့ သူ့အနေနဲ့ ထင်မြင်တဲ့ အတွက် ပြည်တွင်းကို တဦးချင်း ဝင်ထွက်သွားလာတဲ့ အပေါ်မှာ ဟန့်တား ပိတ်ပင်ချင်တဲ့ ဆန္ဒ မရှိကြောင်းကိုသာ ပြောတာလို့ ဆိုပါတယ်။