ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခြိမ်းခြောက် မဲဆွယ်

  • 6 နိုဝင်ဘာ 2010
Image caption မဲထည့်ဖို့ ခြိမ်းခြောက် မဲဆွယ်နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကနေ ပြည်သူ့လွှတ်တော်အတွက် ဝင်အရွေးခံမယ့် ကိုယ်စားလှယ်လောင်း ပန်ဆေးကျေးရွာ အုပ်စု ပြည်သူ့စစ်ခေါင်းဆောင် ပန်ဆေးကျော်မြင့်က မဲဆွယ်ရာမှာ ငွေပေးတာ ခြိမ်းခြောက်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပန်ဆေးကျော်မြင့်ကို ဘီဘီစီက ဆက်သွယ် မေးမြန်းရာမှာ ခြိမ်းခြောက်တယ်ဆိုတာကို ငြင်းခဲ့ပါတယ်။

ဟောပြောပွဲ တက်သူတွေကို ငွေပေးတယ်ဆိုတာကိုတော့ လမ်းစရိတ်ပေးတဲ့သဘောလို့ သူကပြောခဲ့ပါတယ်။

နောက် ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့ မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတဦးက ပလောင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းကို အဲဒီ ဒေသမှာ လာမဲမဆွယ်ဖို့ ၊ဒေသခံတွေကို အဲဒီပါတီကို မဲမထည့်ဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတောမြို့နယ်တွေမှာတော့ ဒေသ အာဏာပိုင်တွေကိုယ်တိုင်က ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို မဲထည့်ဖို့ ခြိမ်းခြောက်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။