မြို့ပေါ်က မဲရုံတွေမှာ မဲလာပေးသူ နည်းပါး

  • 7 နိုဝင်ဘာ 2010
Image caption နှစ်နှစ်ဆယ် အတွင်း မြန်မာ ပြည်သူတွေ ပထမဆုံး မဲပေးကြ

နှစ်နှစ်ဆယ်ကျော် အတွင်း မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ ဒီနေ့ ညနေပိုင်းမှာ ပြီးစီးသွားပါပြီ။

အခုအချိန်မှာ မဲရုံတွေ ပိတ်သွားပြီ ဖြစ်ပြီး မဲတွေ ရေတွက်နေပါတယ်။

နိုင်ငံတဝှမ်းက မဲရုံ အများအပြားမှာ မဲမသမာမှုတွေ ရှိတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒီရွေးကောက်ပွဲမှာ စစ်အစိုးရရဲ့ လက်ဝေခံ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အရင်က မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဖြစ်တဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ တို့က ကိုယ်စားလှယ်တွေက နေရာ အများစုမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

တခြား အတိုက်အခံ ပါတီတွေက ကိုယ်စားလှယ်တွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ ကတော့ ပိတ်ပင် တားဆီးမှု အနှောက်အယှက်တွေ ကြားက ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြရပါတယ်။

မဲရုံတဝိုက် ၅ဝ ကိုက် အတွင်း မဲဆွယ် စည်းရုံးခြင်း မပြုရ ဆိုတဲ့ စည်းမျဉ်း ဥပဒေ ရှိပေမယ့် ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက မဲရုံ တချို့ အနီးမှာ မဲထည့်သူတွေကို စည်းရုံး မဲဆွယ်ခဲ့လို့ တခြား ပါတီက လူတွေနဲ့ ပြဿနာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့က မဲရုံ အများစုမှာ လာရောက် မဲပေးသူ အရေအတွက် နည်းတယ်လို့လည်း သိရပါတယ်။

အခုရွေးကောက်ပွဲကို နိုင်ငံခြားက စောင့်ကြည့် အကဲခတ်သူတွေကို လာရောက်ခွင့် မပြုဘဲ အစိုးရက ပိတ်ပင်ထားပါတယ်။

အဓိက အတိုက်အခံ ပါတီ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကတော့ ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး ပြည်သူတွေကိုလည်း မဲမပေးဖို့ တိုက်တွန်း ထားပါတယ်။