ဒီကေဘီအေနဲ့ နအဖတပ်တွေ တိုက်ပွဲဖြစ်

  • 8 နိုဝင်ဘာ 2010

တိုးတက်သော ကရင်ဗုဒ္ဓဘာသာအစည်းအရုံး (DKBA) က တပ်မဟာ ၅ ရဲ့ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောလာပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေးတပ်နဲ့ နအဖအစိုးရတပ်တွေ မြဝတီမြို့တွင်းမှာ ဒီမနက်က စပြီး တိုက်ပွဲဖြစ်နေပါတယ်။

မြဝတီမှာ ဗိုလ်နှုတ်ခမ်းမွေးရဲ့ တပ်မဟာ ၅ လက်အောက် တပ်ရင်း ၉၀၂ တပ်ရင်းမှူး ဗိုလ်မှုးစောကျော်သက်အဖွဲ့နဲ့ ပစ်ခတ်မှုတွေ စဖြစ်တာပါ။

မနက် ၉နာရီခွဲ က ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီး မြန်မာဘက်ကို M79 လောင်ချာဗုံး ၅ လုံးကျပြီး၊ ၁၀ နာရီခွဲမှာ ချစ်ကြည်ရေးတံတား ထိုင်း ဘက်ကို နောက်ထပ် ၄ လုံးကျပါတယ်။ တိုက်ပွဲကြောင့် မဲဆောက်ဆေးရုံကို အနည်းဆုံး လူငါးဦး ဒဏ်ရာနဲ့ ရောက်လာပါတယ်။

နေ့လယ်ပိုင်းမှာ သင်္ဃန်းညီနောင်ဖက်က အစိုးရတပ်တွေ မြဝတီဘက်ကို စစ်ကူရောက်လာနေပါတယ်။

မြဝတီမြောက်ပိုင်းကနေ လူ ၅၀၀ လောက် ထိုင်းဘက်ကို ပြေးလာပြီး တောင်ပိုင်းမှာ ၁၀၀၀ လောက်ရှိနေပါတယ်။ နေ့လယ်အစောပိုင်းမှာတော့ မြ၀တီကနေ လူ ထောင်ကြီးဂဏန်းထိ ရောက်လာနေတယ်လို့ မဲဆောက်က ဘီဘီစီသတင်းထောက်က ပြောပါတယ်။

နောက်ထပ် အဖြစ်အပျက်တစ်ခုမှာတော့ မနက် ၁၀ နာရီဝန်းကျင်က ဘုရားသုံးဆူဖက်မှာလည်း ဗိုလ်နှုတ်ခမ်းမွေးရဲ့တပ်နဲ့ အစိုးရနဲ့ တိုက်နေပါတယ်။

ဘာကြောင့် တိုက်ပွဲဖြစ်တယ်ဆိုတာ မသိရသေးပေမယ့် ဗိုလ်နှုတ်ခမ်းမွေးရဲ့ DKBA တပ်ဟာ နယ်ခြားစောင့်တပ်ကို လက်မခံသေးတဲ့ အဖွဲ့ဖြစ်ပါတယ်။

ညနေပိုင်းမှာတိုက်ပွဲတွေပိုပြင်းထန်လာနိုင်တယ်လို့ သတင်းထောက်တွေက ခန့်မှန်းနေကြပါတယ်။