တချို့မဲမပေးကြ၊ တချို့ မဲမပေးရ

  • 7 နိုဝင်ဘာ 2010
vote
Image caption ရွေးကောက်ပွဲ မဲလက်မှတ်

မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ အနှစ်နှစ်ဆယ်ကြာမှ တခါသာ ကြုံတွေ့ရတဲ့ ရွေးကောက်ပွဲ ဖြစ်ပေမယ့် နိုင်ငံ တဝန်းလုံးမှာ ဆန္ဒမဲပေးသူ အရေအတွက် နည်းပါးကြပါတယ်။

အထူးသဖြင့် ရန်ကုန်မြို့မှာ မဲပေးသူ ဦးရေ သိသိသာသာ နည်းပါးတယ်လို့ ဆိုပါတယ်။

မဲရုံဟာ အင်တာနက် ကဖေးမှာ အသုံးပြုတဲ့ စားပွဲထိုင်ခုံလေးတွေလို ပြုလုပ် ထားတဲ့ အတွက် လျှို့ဝှက်ဆန္ဒမဲ အတွက် လုံခြုံစိတ်ချမှု မပေးနိုင်ဘူးလို့ ဝေဖန်သူ တချို့က ထောက်ပြကြပါတယ်။

လှိုင်သာယာမြို့နယ်မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို မထောက်ခံသူ ဆန္ဒမဲရှင် တော်တော်များများဟာ မဲစာရင်းထဲမှာ မပါလို့ မဲပေးခွင့် မရကြဘူးလို့ပြည်ထောင်စု ဒီမိုကရေစီပါတီ ရဲ့ ဒုတိယဥက္ကဌ ဦးဌေးက ပြောပါတယ်။

အမတ်လောင်း အဖြစ် ပါဝင် ယှဉ်ပြိုင်ခဲ့သူ ဦးဌေးကိုယ်တိုင် မဲဆန္ဒပေးခွင့် ရှိသူ စာရင်းမှာ မပါလို့ စောဒကတက်ခဲ့ရတယ်လို့လည်း ဦးဌေးကဆိုပါတယ်။

စမ်းချောင်းမြို့နယ်က ကိုအောင်မျိုးထွန်းကတော့ မဲပြားပေါ်မှာ အမှန်ခြစ်ခြစ်ပြီး ဆန္ဒမဲပေးရမယ့်အစားမှာ သူမထောက်ခံနိုင်တဲ့ ပါတီတွေ ဖြစ်ကြတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ကို အမှားခြစ် နှစ်ခြစ် ခြစ်ပြီး မဲပေးခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည် စစ်တွေမြို့ မှာတော့ ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ်က မဲရုံပိတ်ချိန်လွန်ပြီးတဲ့ အထိ မဲပြားအသစ်တွေ ထုတ်ပေးပြီး မူဆလင်မဲဆန္ဒရှင်တွေကို စည်းရုံးပြီး တယောက်နှစ်မဲ သုံးမဲ ပေးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

အခုချိန်ထိ ရတဲ့ သတင်းတွေအရ ကြံ့ခိုင်ရေးပါတီ USDP နဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF တို့က နေရာတော်တော်များများမှာ အနိုင်ရနေတယ်လို့ ဆိုပါတယ်။