မဲတွေ စရေနေပြီး ကြံ့ဖွံ့ နေရာအများစု ရနိုင်

  • 8 နိုဝင်ဘာ 2010
election
Image caption မဲရုံ မြင်ကွင်း

မြန်မာနိုင်ငံမှာ မနေ့က ရွေးကောက်ပွဲက မဲတွေကို ဒီကနေ့ စရေနေပြီ ဖြစ်ပြီး နေရာ အများစုမှာ ကြံ့ဖွံ့တွေ အနိုင်ရမဲ့ အရိပ်အယောင်တွေ တွေ့နေရပါတယ်။

မဲလာထည့်သူ နည်းပါးပြီး မသမာမှုတွေ ရှိတယ်လို့ ပြည်တွင်းထဲက လူတွေက ပြောပါတယ်။

မဲထည့်ခဲ့သူ တချို့က လျှို့ဝှက် မဲပေးနိုင်ခဲ့ခြင်း မရှိဘူးလို့ ဘီဘီစီကို ပြောပြပြီး အစိုးရ ဝန်ထမ်းတချို့ကို ကြံ့ဖွံ့ကို အတင်းအကြပ် ကြိုတင် မဲထည့်ခိုင်းခဲ့တယ်လို့ အတိုက်အခံပါတီတွေက ပြောနေပါတယ်။

ရန်ကုန်က လာတဲ့ သတင်းတွေ အရ မဲလာထည့်သူ သိပ်မရှိဘူးလို့ သိရပြီး တပ်ရင်းဆယ်ခုလောက်က မဲထည့်ဖို့ အမိန့်ကို မနာခံခဲ့ဘူးလို့ စစ်သားတယောက်က ဘီဘီစီကို ပြောပြပါတယ်။

နအဖဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီဆီ အသွင်ပြောင်းရေး အခွင့်အလမ်းကို လက်လွှတ် ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောပါတယ်။

နအဖကို တဘက်က စကားပြောနေသလို တဘက်မှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ရှိနေသရွေ့ အမေရိကန် အစိုးရက ဒဏ်ခပ် ပိတ်ဆို့မှုတွေကို ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

ခုရွေးကောက်ပွဲ ဖြစ်စဉ်ကြီး တခုလုံးဟာ မှားယွင်းနေပြီး ဒီရွေးကောက်ပွဲမှာ သီးခြားလွတ်လပ်တဲ့ လေ့လာ စောင့်ကြည့်သူတွေ ဝင်ခွင့်မပြုသလို ချိမ်းခြောက် အကြပ်ကိုင် မဲထည့်ခိုင်းတာတွေ ရှိတဲ့အတွက် အလွန် စိတ်ပျက်မိတယ်လို့ ဟီလာရီ ကလင်တန်က ပြောသွားပါတယ်။

ဂျပန် နိုင်ငံခြားရေး ဝန်ကြီးကလည်း ခုရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ခြင်း မရှိဘဲ ဒီရွေးကောက်ပွဲကို ပြည့်စုံတဲ့၊ မျှတတဲ့ ရွေးကောက်ပွဲ အဖြစ် မပြောနိုင်ဘူးလို့ လွှတ်တော်မှာ မနေ့က ပြောသွားပါတယ်။

မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေး အကူအညီတွေ ပြန်ပေးမပေး မဆုံးဖြတ်ခင် မြန်မာနိုင်ငံထဲက နိုင်ငံရေး အခြေအနေတွေကို အနီးကပ် လေ့လာစောင့်ကြည့်ဦးမယ်လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက သတင်းထောက်တွေကို ပြောသွားပါတယ်။

တနင်္ဂနွေနေ့က ရွေးကောက်ပွဲကို နိုင်ငံတကာက မြန့်မာ့ အရေးလှုပ်ရှားသူတွေက သက်ဆိုင်ရာ နိုင်ငံတွေက မြန်မာသံရုံးရှေ့သွားပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့က မြန်မာသံရုံးရှေ့မှာ မြန်မာတွေနဲ့ ဂျပန်လူမျိုးတွေ အပါအဝင် လူရှစ်ရာလောက် ဆန္ဒပြခဲ့ပြီး ပြင်သစ်နိုင်ငံ ပါရီမြို့မှာလည်း အိုင်ဖဲမျှော်စင်နားမှာ ရုပ်ရှင်မင်းသား မင်းသမီး တချို့ အပါအဝင် မြန်မာ့အရေး စိတ်ဝင်စားသူတွေ ဆန္ဒပြခဲ့ကြပါတယ်။