ကရင်ကိုထိရင် ကရင်က လက်ပိုက်ကြည့်မှာ မဟုတ်

  • 8 နိုဝင်ဘာ 2010

ဒီကေဘီအေဘက်က ဗိုလ်မှူးမိုးရှေး ဦးဆောင်ပြီး ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ကို ဝင်သိမ်းရာမှာ နအဖ စစ်တပ်နဲ့ အပြင်းအထန် တိုက်ပွဲ တနေကုန် ဖြစ်ပွားခဲ့ ပါတယ်။

Image caption မြဝတီမြို့က ပြေးလာတဲ့ ဒုက္ခသည်တွေ

နအဖဘက်က အလောင်း တလောင်း၊ ဒဏ်ရာရသူ တဦးနဲ့ ရဲဘော် နှစ်ဦးကို ဒီကေဘီအေ ဘက်က ဖမ်းဆီး မိခဲ့ပြီး၊ ရုပ်မြင် သံကြား ထပ်ဆင့် လွှင့်ရုံနဲ့ အစိုးရ ရုံးတွေကို မီးရှို့ ဖျက်ဆီး ခဲ့တယ်လို့ သိရ ပါတယ်။

မြဝတီမြို့မှာ တိုက်ခိုက်ခဲ့တဲ့ ဒီကေဘီအေ နဲ့ စစ်တပ်တို့ တိုက်တာနဲ့ ဆက်စပ်ပြီး ဘုရားသုံးဆူ မှာလည်း အခုလို တိုက်ခိုက် တာလို့ ဗိုလ်မှူး မိုးရှေးက ဘီဘီစီကို ပြောပါတယ်။

မြဝတီမြို့ထဲမှာ မနေရတော့ဘူး၊ ဘယ်နေ့က စပြီး ထွက်ရမယ် ဆိုတာ မျိုးတွေ လုပ်လာတယ်၊ နယ်ခြား စောင့်တပ် လက်မခံရင် မတရား အသင်း ကြေညာမယ် ဆိုပြီး လုပ်လာ တာတွေ ရှိတယ်၊ ဒါကြောင့် တိုက်တာလို့ ဗိုလ်မှူး မိုးရှေးက ပြောပါတယ်။

Image caption သေးဘေးက လွတ်အောင် ရုန်းကန် ထွက်ပြေး လာရတဲ့ ဒုက္ခသည်တွေ

နအဖစစ်တပ်ဘက်ကတော့ အရပ်သား လူထုကို မြို့ကနေ ဖယ်ဖို့ အမိန့်ပေး ထားတဲ့ အတွက် မြို့လူထု သုံးပုံနှစ်ပုံ ကတော့ နီးစပ်ရာကို ထွက်ခွာ နေကြ ပါတယ်။

ဘုရားသုံးဆူမြို့ရဲ့ ထိုင်းဘက်ခြမ်းမှာတော့ ထိုင်းအာဏာပိုင်တွေက နယ်စပ်ကို ပိတ်ထား တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

နအဖဘက်က ဒီထက်ဆိုးလာရင်တော့ အမျိုသားရေး ဖြစ်တာမို့ ဘယ်ကရင်ကမှ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့ ဗိုလ်မှူး မိုးရှေးက ပြောပါတယ်။

ဘုရားသုံးဆူမှာ ခလရ ၂၈၃ နဲ့ ခမရ ၄၀၅ စစ်ကြောင်း နှစ်ကြောင်းရှိပြီး အင်အား ၂၀၀ လောက် ရှိပေမယ့် ဒီကေဘီအေ ဘက်ကတော့ အင်အား မသိရပါဘူး။ ဒီညပိုင်း မှာတော့ တိုက်ပွဲကြီးတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

မြဝတီမြို့မှာလည်း ပစ်ခတ်မှုတွေ အကြီးအကျယ် ရှိခဲ့ပါတယ်။ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားမှာလည်း ဟိုဘက် ဒီဘက် လက်နက်တွေ ကျရောက် ပေါက်ကွဲခဲ့ပြီး၊ မြဝတီ မြို့က စစ်ပြေးဒုက္ခသည် တွေလည်း ထိုင်းနိုင်ငံ မဲဆောက်မြို့ ဘက်ကို ထွက်ပြေး လာရတယ်လို့ စစ်ပြေး ဒုက္ခသည်တွေက ပြောပါတယ်။

စစ်ပြေးဒုက္ခသည်တွေက လောလောဆယ် နှစ်သောင်းလောက် ရှိပါတယ်။ လက်နက်တွေနဲ့ ဘယ်သူက ပစ်မှန်း မသိလို့ မြဝတီဘက်ကို ပြန်မပစ်ဖို့ သူ အမိန့်ပေး ထားတယ်လို့ ထိုင်း စစ်တပ်က အမှတ် ၃ တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဝါနာထစ် ဝန်ဝိုင်ယာ က ပြောပါတယ်။