လောလောဆယ် မဲရလဒ်တွေအရ ကြံ့ခိုင်ရေးပါတီ နိုင်နေ

  • 8 နိုဝင်ဘာ 2010
burmese elections
Image caption ရွေးကောက်ပွဲ ပြီးသွားပေမဲ့ တရားဝင် မဲရလဒ် မကြေညာသေး

မြန်မာနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ မဲရလဒ်တွေကို ခုချိန်ထိ တရားဝင် မကြေညာသေးပေမဲ့ လောလောဆယ် ရေတွက်ပြီးတဲ့ မဲတွေ အရတော့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက နေရာ အတော်များများမှာ အနိုင်ရနေတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းမှာ ဝင်ပြိုင်တဲ့ အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေထဲမှာ မြို့တော်ဝန် ဦးဖုန်းဇော်ဟန်နဲ့ ကျန်းမာရေး ဝန်ကြီး ဒေါက်တာကျော်မြင့်တို့ အနိုင်ရတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်တဦးက ဆိုပါတယ်။

အစောပိုင်းကတော့ ဒေါက်တာကျော်မြင့်ဟာ အမျိုးသား ဒီမိုကရေစီ အင်အားစုရဲ့ ကိုယ်စားလှယ် ဦးခင်မောင်သက်ကို ရှုံးခဲ့တယ်လို့ သတင်းထွက်ထားတာပါ။

မန္တလေးတိုင်းမှာ နိုင်သွားတယ်လို့ သတင်းထွက်နေတဲ့ နောက်ထပ် ကိုယ်စားလှယ် ၇ ဦးထက် မနည်း ရှိပါတယ်။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ် အနိုင်ရတယ်လို့ ဆိုနေတဲ့ မန္တလေးတိုင်း အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှာ ဝင်ပြိုင်တဲ့ ဒီမိုကရက်တစ် ပါတီ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနု က ရွေးကောက်ပွဲမှာ မတရားမှုတွေ ရှိနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ ( မြန်မာပြည် ) အနေနဲ့ အခုချိန်အထိ ၃ နေရာသာ နိုင်ထားပါတယ်။

Image caption လောလောဆယ် ရလဒ်တွေအရ ကြံ့ခိုင်ရေး ပါတီက မဲအသာရနေ

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ကတော့ အနိုင်အရှုံး စာရင်းတွေကို ပြုစုဆဲ ဖြစ်လို့ အနိုင်အရှုံး စာရင်းကို မပြောနိုင် သေးဘူး လို့ ပါတီရုံးချုပ်က ဆိုပါတယ်။

ဒါပေမယ့် စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ အစိုးရ ဝန်ကြီးတွေနဲ့ ယှဉ်ရတဲ့ ကိုယ်စားလှယ်တွေ အပြတ်အသတ် ရှုံးခဲ့ပေမယ့် နိုင်တဲ့နေရာ တချို့တော့ ရှိတယ်လို့ တစည တိုင်းရုံး တာဝန်ရှိသူ တဦးက ပြောပါတယ်။

အန်ဒီအက်ဖ် အမျိုးသား ဒီမိုကရေစီ အင်အားစုအဖွဲ့ကတော့ လောလောဆယ် ၁၅ နေရာလောက် နိုင်ထားတယ်လို့ ဆိုပါတယ်။

သူတို့က ကိုယ်စားလှယ် ၁၆၁ ဦး ဝင်ထားပေမယ့် နောက်ထပ် များများ နိုင်မှာတော့ မဟုတ်ဘူးလို့ ပါတီ ခေါင်းဆောင်တွေက မှန်းနေပါ တယ်။

တိုင်းရင်းသား ပါတီတွေကတော့ ပိုပြီး အခြေအနေ ကောင်းတဲ့ ပုံရှိပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ကျားဖြူ ပါတီက သိန္နီမြို့နယ်မှာ ဦးစိုင်းအိုက်ပေါင်း အပါအဝင် သုံးနေရာစလုံးကို နိုင်သလို ကျောက်မဲမှာလည်း ဒုဥက္ကဌ ဦးစိုင်းဆောင်ဆီ နဲ့အတူ ၄ နေရာစလုံး ကျားဖြူက နိုင်တယ်လို့ ဆိုနေပါတယ်။

ကျန်တဲ့ နေရာတွေမှာလည်း ကျားဖြူက နေရာ ၄၀ ကျော် အနိုင်ရတယ်လို့ ပြောနေပြီး အတည်ပြုလို့တော့ မရနိုင်သေးပါဘူး။