ဒီကေဘီအေ ဘုရားသုံးဆူက ပြန်ဆုတ် မြဝတီ မရေရာ

  • 10 နိုဝင်ဘာ 2010
DKBA
Image caption မြဝတီ တိုက်ပွဲကနေ ထိုင်းဘက် ပြေးလာတဲ့ မြန်မာ ဒုက္ခသည်များ

ဒီကေဘီအေတပ်တွေ မနက်ပိုင်းက ဘုရားသုံးဆူကနေ ဆုတ်သွားပြီး ကတည်းက မြို့ဟာ ငြိမ်သက်နေပြီး မြဝတီမြို့ရဲ့ အခြေအနေကတော့ ပုံမှန် ပြန်မဖြစ်သေးဘူလို့ နယ်စပ်ကနေ ဘီဘီစီ သတင်းထောက်တွေက သတင်း ပေးပို့ပါတယ်။

ဒီငြိမ်သက်မှုဟာ အချိန်ဆွဲပြီး စစ်ကူ စောင့်နေတာ ဖြစ်နိုင်တယ်လို့ ဒီကေဘီအေက ပြောပါတယ်။

ဘုရားသုံးဆူ မြို့လူထုကို မြို့ကနေ ဆုတ်ခွာဖို့ နအဖ စစ်တပ်က လူထုကို အမိန့်ပေးထားပြီး မြို့ထဲမှာလည်း လက်နက်ကြီးတွေ ဆင်ထားပါတယ်။

အနန်းကွင်း စစ်ဗျူဟာကနေ ရောက်လာမဲ့ နအဖ စစ်ကူတွေလည်း အခု တရက် ခရီးသာသာမှာ ရှိတဲ့ တောင်စွန်း စခန်းကို ကျောလာနေပြီလို့ ဒီကေဘီအေဘက်က ပြောပါတယ်။

ဒီအတောအတွင်းမှာ မြဝတီမြို့မှာ နေထိုင်သူ သောင်းနဲ့ချီပြီး ထိုင်းနယ်စပ်ဘက်ခြမ်းကို ရောက်ရှိနေပါတယ်။

ဒီလူတွေကို ထိုင်းအာဏာပိုင်တွေနဲ့ နယ်စပ်က အင်ဂျီအိုတွေက စားနပ်ရိက္ခာ ဆေးဝါးတွေ လိုက်လံကူညီနေတယ်လို့ သတင်း ရရှိပါတယ်။

တဘက်မှာ မြဝတီမြို့မှာ အခြေအနေက ပုံမှန် မဖြစ်သေးပါဘူး။

နေ့ခင်းပိုင်းက မြန်မာ အစိုးရ စစ်သားတွေ မြို့ထဲကို အတော်များများ ဝင်သွားတော့ မြို့ခံလူထုက ပေါ်တာဆွဲမယ် အမှတ်နဲ့ ထွက်ပြေးကြရာမှာ မဲဆောက်ဖက်ထိ ရောက်လာခဲ့ပါတယ်။

မြဝတီကို နအဖ စစ်သားတွေ အလုံးအရင်းနဲ့ ရောက်လာသလို ဒီကေဘီအေက ဗိုလ်ကျော်သက်တို့ အဖွဲ့နဲ့ ကေအင်ယူတို့ ပေါင်းပြီး ပြန်လာတိုက်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။