ကန့်သတ်ချက် တွေနဲ့ လွှတ်ရင် ဒေါ်စု လက်ခံမှာ မဟုတ်

  • 10 နိုဝင်ဘာ 2010

ဒေါ်အောင်ဆန်း စုကြည်ရဲ့ အကျယ်ချုပ် ကာလ စနေနေ့မှာ သက်တမ်း ကုန်ဆုံးတော့ မှာမို့ သူ ပြန်လွတ် လာမယ့် အရေးကို ထောက်ခံသူတွေ စိတ်လှုပ်ရှား နေကြ ပါတယ်။

Image caption အရင် အတွေ့ အကြုံတွေ အရ ကန့်သတ်ချက် တွေကို ဒေါ်စု လက်မခံ

ဒါပေမဲ့ သူ့ကို ပြန်လွှတ်တဲ့ အခါ စည်းကမ်း သတ်မှတ်ချက် တွေနဲ့ လွှတ်တာမျိုးကို ဒေါ်အောင်ဆန်း စုကြည် ဘက်က လက်ခံ မှာ မဟုတ်ဘူးလို့ သူ့ရှေ့နေ ဦးဉာဏ်ဝင်းက ပြော ပါတယ်။

သူ့ကို ပြန်လွှတ်ပေး တဲ့အခါ သူ့ရဲ့ လွတ်လွတ် လပ်လပ် သွားလာ လှုပ်ရှားမှု တွေကို ကန့်သတ် ချုပ်ခြယ်တာမျိုးလုပ်လာရင် ဒေါ်အောင်ဆန်း စုကြည်က လက်ခံမှာ မဟုတ်ဖူးလို့ သူ့ရှေ့နေ ဦးဉာဏ်ဝင်းက ပြောလိုက်ပါတယ်။

အရင်က ထိန်းသိမ်း ခံခဲ့ရပြီး ပြန်လွတ် လာခဲ့တဲ့ အချိန်တွေ တုန်းကလည်း စာနဲ့ ပေနဲ့ ထုတ်ပြန်တဲ့ စည်းကမ်းချက် တွေ မဟုတ်ဘဲ ပါးစပ်နဲ့ ပြောခဲ့တဲ့ ကန့်သတ်ချက် တွေ ပြုလုပ် ခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

လူ တစ်ဦး တစ်ယောက်ကို စည်းကမ်း သတ်မှတ်ချက် တွေနဲ့ နေထိုင် စေတယ် ဆိုတာမျိုးကို ဘယ် ဥပဒေ မှာမှ ပြဌာန်း ထားတာ မရှိဘူးလို့လည်း သူက ဆက် ပြော ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ဟာ အရင် အကြိမ်တွေ ကလည်း သူ့ရဲ့ လွတ်လွတ် လပ်လပ် သွားလာ လှုပ်ရှားမှုတွေ အပေါ် ကန့်သတ် ချုပ်ခြယ် တာကို လက်မခံ ခဲ့ဘူးလို့ ဦးဉာဏ်ဝင်း က ဘီဘီစီကို ပြော ပါတယ်။