ဒေါ်စုအယူခံအမှု ပယ်ချ

  • 11 နိုဝင်ဘာ 2010
ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်
Image caption ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် စနေနေ့မှာ နေအိမ် အကျယ်ချုပ် ရက်စေ့ပြီး လွတ်မြောက် လာတော့မယ်လို့ သတင်းတွေ ထွက်နေချိန်မှာပဲ နေပြည်တော် တရားရုံးချုပ်မှာ ဥပဒေကြောင်းအရ နောက်ဆုံးအဆင့် ကြားနာခဲ့တဲ့ သူ့ရဲ့ အကျယ်ချုပ် အယူခံအမှုကို ဒီကနေ့ပယ်ချလိုက်တယ်လို့ သိရပါတယ်။

NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းကတော့ အခုလို အယူခံအမှုကို နေပြည်တော်တရားရုံးက ပယ်ချလိုက်တယ်ဆိုတာ နေပြည်တော်မှာရှိတဲ့ တရားရုံးထဲက မိတ်ဆွေက ပြောပြလို့ ဒီကနေ့ သိရတဲ့အကြောင်း တကယ်တော့ တရားရုံးက အကြောင်းကြားလို့ သိရတာတော့ မဟုတ်တဲ့အကြောင်း အခုလို အပယ်ခံလိုက်ရတဲ့နောက် ပြည်တွင်းမှာတော့ တရားစီရင်ရေးလမ်း ကြောင်းကတော့ ဆုံးသွားပြီဖြစ်လို့ ဘာဆက်လုပ်ရမလဲ ဆိုတာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တိုင်ပင်ရဦးမှာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဘာ့ကြောင့်ပယ်လိုက်တယ်ဆိုတဲ့ အကြောင်းပြချက်ကိုတော့ မသိသေးတဲ့အကြောင်း တရားရုံးဆုံးဖြတ်ချက်ကို ဖတ်မှ သိရမှာဖြစ်ကြောင်းနဲ့ အဲဒီတရားရုံးဆုံးဖြတ်ချက်ကို နေပြည်တော်မှာသွားပြီး ကော်ပီကူးဖို့ စီစဉ်နေတဲ့အကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတဲ့အခါ ပထမဆုံးအနေနဲ့ အဖွဲ့ချုပ်ရုံးမှာ သတင်းစာရှင်းလင်းပွဲလုပ်မှာဖြစ်တဲ့အကြောင်း လက်ရှိရွေးကောက်ပွဲရဲ့ မတရားမှု မသမာမှုတွေကို အဖွဲ့ချုပ်အနေနဲ့နားစွင့်ထား၊ မှတ်တမ်းတင်ထားတဲ့အကြောင်း လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြပြီး လုပ်စရာရှိတာတွေကို ဆုံးဖြတ် လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့လည်း ဦးညာဏ်ဝင်းက ဘီဘီစီကို ပြောပြသွားပါတယ်။