မိုင်းကွင်းဖယ်ဖို့ ဒီကေဘီအေကို စစ်တပ်ပြော

  • 11 နိုဝင်ဘာ 2010

ထောင်ထားတဲ့ မိုင်းကွင်းတွေကို ရှင်းပေးဖို့ ဒီကေဘီအေ တပ်မဟာ ၅ ခေါင်းဆောင် ဗိုလ်မှူးချုပ် စောလာဖွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး ကို မြန်မာစစ်တပ်က တောင်းဆို လိုက်ပါတယ်။

Image caption ဒီကေဘီအေ စခန်းတစ်ခု

မြဝတီမြို့ တောင်ဘက် ကရင်ပြည်နယ်ထဲက ဝလေ ဒီကေဘီအေ ဌာနချုပ်ကို ဝင်သိမ်းထားတဲ့ မြန်မာစစ်တပ်က ဒဏ်ရာရ လူနာတွေကို မြဝတီ မြို့ကို ပြန်ပိုဖို့အတွက် အခုလို တောင်းဆို တာလို့ သိရပါတယ်။

ဝလေစခန်းမှာရှိတဲ့ အစိုးရတပ်တွေ အားလုံး ဆုတ်မှ မိုင်းကွင်းတွေကို ရှင်းပေးမယ်လို့ အကြောင်း ပြန်ထားတယ်လို့ ဗိုလ်နှုတ်ခမ်းမွှေး ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကျော်ဝင်း က ဘီဘီစီကို ပြောပါတယ်။

ဒီကေဘီအေအနေနဲ့ ပြီးခဲ့တဲ့ ရက်တွေက တိုက်ခိုက်မှုတွေ လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်အစိုးရ လုပ်ပုံတွေက ဒီမိုကရေစီ နည်းလမ်းမကျဘဲ လိမ်စားညာစား ဟိုလှည့်ဒီလှည့် လုပ်နေလို့ပါလို့ ဗိုလ်ကျော်ဝင်း က ပြောပါတယ်။

ဝလေစခန်းက ဌာနချုပ်ဆိုပေမယ့် တဲအိမ်တွေပဲ ရှိလို့ ဒီကေဘီအေက မြန်မြန် ဆုတ်ခဲ့တာလို့ သိရပါတယ်။ ဒီကေဘီအေကတော့ တပ်တွေ ပြန်စုစည်းပြီးတာနဲ့ တခေါက် ပြန်တိုက်ဦးမယ် လို့ ပြောပါတယ်။