ဒေါ်စု အခန်းကဏ္ဍ အရေးပါနေဆဲ

  • 12 နိုဝင်ဘာ 2010
ဒေါ်စုလွတ်ရေးနိုင်ငံတကာ တောင်းဆို
Image caption ဒေါ်စုလွတ်ရေးနိုင်ငံတကာ တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုသူတွေထဲမှာ သူ့ကိုထောက်ခံသူ ပြည်တွင်းပြည်ပ မြန်မာတိုင်းရင်းသားတွေအပါအဝင် ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂ၊ အနောက် အုပ်စု နိုင်ငံတွေ၊ အာရှတိုက်က နိုင်ငံတချို့နဲ့အာစီယံကပါ တောင်းဆိုခဲ့တာ နှစ်နဲ့ချီ ကြာခဲ့ပါတယ်။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချုပ်နှောင်ရက်ကလည်း မနက်ဖြန်ဆိုရင် ရက်စေ့နေပါပြီ။

စစ်အစိုးရကလည်း ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီမို့ သူတို့ရဲ့ ရပ်တည်ချက်ကို စိတ်ချနေတဲ့အခြေအနေမှာလည်း ရှိနေပြီလို့ဆိုရမှာပါ။ ဒီလို အနေအထားမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက်လာတဲ့နောက်ပိုင်း ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ပြုရင် စစ်အစိုးရကကော ဘယ်လို တုန့်ပြန်နိုင်ပါသလဲ။ ဒါမှ မဟုတ်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ မှေးမှိန်သွားပြီလို့စစ်အစိုးရက ယူဆနေပြီလား။

ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးဟောင်း မာတင်မော်လန် က၊ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့အခန်းကဏ္ဍကို သူကိုယ်တိုင် ဆုံးဖြတ်ရမှာဖြစ်တဲ့အကြောင်း ဒါပေမယ့် တဖက်မှာ မြန်မာအစိုးရကလည်း ရွေးကောက်ပွဲမှာ အနိုင်ရသွားပြီ၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါတီလက်ကိုင်လည်း မရှိတော့ဘူး ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍဟာ အရေးမပါတော့ဘူးလို့ မျှော်လင့်ထားမှာ ဖြစ်တဲ့အကြောင်း ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့အထိ အရေးပါဆဲဖြစ်ကြောင်း သူ့အနေနဲ့ ဘာပဲဆုံးဖြတ်ဆုံးဖြတ် သူ့ရဲ့ လုပ်ဆောင်မှုတွေဟာထူးခြားလာမှာဖြစ်ကြောင်း ဘီဘီစီကို ပြောပါတယ်။

ပြည်ပက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဆွေးနွေးမှုတွေကသာ ကမ္ဘာက မြင်လိုတဲ့ သုံးပွင့်ဆိုင်စေ့စပ်ဆွေးနွေးရေး ပေါ်ပေါက်နိုင်မယ်လို့ ယုံကြည်နေကြတဲ့အကြောင်းကိုလည်း မစ္စတာ မော်လန်က ဖြည့်စွက်ပြောသွားပါသေးတယ်။