ဒေါ်အောင်ဆန်းစုကြည်ကို အများစောင့်ကြို

  • 12 နိုဝင်ဘာ 2010
ဒေါ်အောင်ဆန်းစုကြည် ကိုကြိုဆိုသူများ
Image caption ဒေါ်အောင်ဆန်းစုကြည် ကိုကြိုဆိုသူများ

ဒေါ်အောင်ဆန်းစုကြည် ကျခံနေရတဲ့ နေအိမ်အကျယ်ချုပ် သက်တမ်းဟာ မနက်ဖြန် နိုဝင်ဘာလ ၁၃ ရက်ဆိုရင် ချုပ်ရက်ပြည့်တော့မှာဖြစ်လို့ NLD အပါအဝင် လူအများအပြားက ဒေါ်အောင်ဆန်းစုကြည် လွတ်အလာကို မျှော်လင့်နေကြတုန်းမှာပဲ ဒီနေ့မှာ လွတ်လာတော့မယ်ဆိုတဲ့သတင်း ထွက်ပေါ်လာလို့ လူတွေဟာ ဒေါ်စုရဲ့ခြံရှေ့နဲ့ NLD ရုံးမှာပါ မျှော်လင့်တကြီးနဲ့မနက်ကတည်းက သွားစောင့်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်ဆိုတဲ့ အမိန့်စာကို နေပြည်တော်က လက်မှတ်ထိုးရေးထိုး လိုက်ပြီဆိုတဲ့သတင်းကလည်း သံတမန်အသိုင်းအဝိုင်းကြား ထဲကိုလည်း ရောက်လာပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်တွေကလည်း သူတို့အဆက်အသွယ်နဲ့ သူတို့ ဒီသတင်းကို သိလာလို့ ပြင်ဆင်မှုတွေ လုပ်လာကြပါတယ်လို့ NLD ဒုတိယဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့မှာ သွားစေါင့်နေတဲ့ NLD လူငယ်တစ်ဦးက လူတွေက ဟိုတစု ဒီတစုနဲ့ဂျာနယ်လစ်တွေအပါအဝင် လူ ၁၀၀ လောက်စေါင့်နေကြတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

တချိန်တည်းမှာပဲ ရွှေဂုံတိုင်မှာရှိတဲ့ NLD ရုံးကိုလည်း NLD အဖွဲ့ဝင်တွေ စုဝေးရောက်ရှိလာကြပါတယ်။ ပြည်နယ်နဲ့တိုင်းအသီးသီးက အဖွဲ့ဝင်တွေပါ ရောက်လာစုဝေးခဲ့ကြပြီး ကြိုဆိုဖို့ ပြင်ဆင်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဆိုတဲ့ စာတန်းပါတဲ့ တီရှပ်ဝတ်ထားတဲ့ လူငယ်တွေ ရာပေါင်းများစွာပဲ လူကြီးတွေ အဖွဲ့ချုပ်က မဟုတ်တဲ့သူတွေကော ဝမ်းသာအားရ ဖြစ်နေတုန်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီဆိုတဲ့သတင်းကလည်း ရောက်လာတော့ အားလုံးက အော်ကြဟစ်ကြနဲ့ ကြည်နူးပျော်ရွှင်နေကြတဲ့အကြောင်း NLD လူငယ်တစ်ဦးက ရုံးရှေ့အခြေအနေကို ပြောပြပါတယ်။

ရုံးရှေ့မှာ ဒီကနေ့ဒေါ်အောင်ဆန်းစုကြည် လွတ်ရက်စေ့ပြီဆိုတဲ့ စာတန်းနဲ့သူ့ရဲ့ ဓါတ်ပုံကြီးတွေကိုလည်း ချိတ်ထားပါတယ်။ ညနေပိုင်းမှာ လူတွေထောင်နဲ့ချီပြီး အဖွဲ့ချုပ် ရုံးရှေ့မှာ ရှိလာပါတယ်။ ညနေ ၆ နာရီလောက်ရောက်တော့မှ ဒီနေ့ပြန်လွတ်မလာနိုင်တော့ဘူးဆိုပြီး တချို့က ပြန်သွားကြပေမယ့် တချို့ကတော့ မပြန်သေးပဲ ဆက်ပြီး စေါင့်နေခဲ့ကြပါတယ်။

ည ဘီဘီစီ အသံလွှင့်ချိန်မတိုင်ခင်အထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ရှေ ့မှာ စေါင့်ဆိုင်းနေခဲ့တဲ့ လူငယ်အမျိုးသမီးဖြစ်သူ မခင်မြတ်သူက သူ့အနေနဲ့ မျှော်လင့်ချက်မလျော့တဲ့အကြောင်း ဥပဒေအရ ဒီကနေ့ည ၁၂ နာရီအထိ ချုပ်ရက်က အကျွမ်းဝင်နေတာရယ် မိုးချုပ်လာတော့ လူစုလူဝေးနဲ့ အန္တရယ်တစုံတရာရှိနိုင်တာမို့လူကြီးတွေရဲ့စကားကို နားထောင်ပြီး ပြန်တဲ့သူက ပြန်ကြတာဖြစ်ကြောင်း မျှော်လင့်ချက် လျော့သွားတာမဟုတ်တဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

အဲဒိအချိန်အထိ ဒေါ်စုအိမ်ရှေ့တဝိုက်မှာ စုဝေးဆောင့်ဆိုင်းနေဆဲဖြစ်တဲ့ လူငယ်တချို့အထဲက လူငယ်တဦးကလည်း ဒီကနေ ့ည ၈ နာရီထိုးရင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်ဆိုတဲ့သတင်းကြောင့် အခုအချိန်အထိ စေါင့်တာဖြစ်ကြောင်း မိမိတို့ရဲ့ခေါင်းဆောင် လွှတ်လာတာကို မြင်ချင်လို့ စေါင့်နေတာဖြစ်ကြောင်း ပြောပါတယ်။

ဒီအချိန်အထိ အစိုးရဘက်က နှောက်ယှက်ဟန့်တားတာတွေ လုံးဝမရှိတဲ့အကြောင်းကိုလည်း အဲဒီလူငယ်က ဘီဘီစီကို ပြောသွားပါတယ်။