ဒုတိယဒီပဲယင်း ဖြစ်မှာကို ဒေါ်စုအတွက် စိုးရိမ်ကြ

  • 13 နိုဝင်ဘာ 2010

ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်ခင်မှာဘဲ စစ်အစိုးရဟာ လိုရာဥပဒေတွေ ဆွဲတဲ့ကိစ္စွ၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှာ ပါလို့ မရအောင် လုပ်ထားတဲ့ ကိစ္စ၊ ကြံ့ခိုင်ရေး ပါတီကိုလည်း မဲခိုးမဲလိမ်တဲ့နည်းနဲ ရွေးကောက်ပွဲမှာ နိုင်အောင်လုပ်တဲ့ ကိစ္စတွေနဲ့ စစ်တပ်က အပိုင် ပြင်ဆင်ပြီးမှသာ အခုလို လွှတ်ပေး လိုက်တာလို့ လန်ဒန် စီးပွားရေး တက္ကသိုလ်က ပညာရှင် ဒေါက်တာ ဇာနည်က ဘီဘီစီကို ပြောပါတယ်။

Image caption ပြည်သူတွေအားလုံးကို ပျော်ရွှင်စေခဲ့သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း များစွာ ပြည်သူတွေရဲ့ မျက်စိအောက်က ပျောက်ပြီး အချုပ် အနှောင်ခံ ထားရပေမယ့် အခုလို လွတ်မြောက် လာတဲ့ အခါ မြန်မာလူထု တင်မက တိုင်းရင်းသား ပြည်သူတွေ ကပါ အခုလောက် အထိ ကြိုဆို ထောက်ခံတာကို ကြည့်ပြီး စစ်ခေါင်းဆောင် တွေဟာ စိုးရိမ်စိတ် ဖြစ်လာ နိုင်တယ် လို့လည်း သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာ ပေမယ့် အသက်အန္တရာယ်ကို စိုးရိမ်တဲ့ အကြောင်း ဒေါက်တာ ဇာနည်က ထောက်ပြ ပါတယ်။

ဒီပဲယင်းကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကံကောင်း ထောက်မလို့ အသက်ရှင် ခဲ့ရတာ ဖြစ်ကြောင်း၊ အခုတခါ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီအနေ အထားထက် တိုင်းရင်းသား ပြည်သူတွေနဲ့ ပိုပြီး နီးကပ် စည်းလုံး လာမယ် ဆိုရင်တော့ စစ်ခေါင်းဆောင် တွေဟာ ဒေါ်အောင်ဆန်း စုကြည်ကို သတ်ပစ်တဲ့ အနေအထားမျိုး အထိ ဖြစ်လာနိုင် တယ်လို့ သူမြင်တဲ့ အကြောင်း ဒေါက်တာ ဇာနည်က ပြောပါတယ်။

Image caption နှစ်ရက်ကြာ အောင့်အီးစိတ်ရှည်စောင့်စားခဲ့ ရတဲ့ ပြည်သူတွေအတွက် အားတက်စေခဲ့သူ

လန်ဒန်မြို့ NLD လွတ်မြောက် နယ်မြေက ဒေါက်တာဝင်းနိုင်ကလည်း NLD ဟာ ပြည်သူ တွေ ရင်ထဲအသည်းထဲရှိနေဆဲဖြစ်ကြောင်း၊ အခု ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ် မပြုမှာကို ကြောက်လို့သာ ဒေါ်အောင်ဆန်း စုကြည်ကို စစ်အစိုးရက လွှတ်ပေး လိုက်တာလို့ သူမြင်တဲ့ အကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက်လာ ပြီးတဲ့ နောက်မှာ သူ အရင် ကတည်းက ပြောဆို ထားတဲ့ စကားတွေ အတိုင်း လုပ်စရာ ရှိတာတွေ ဆက်လက် လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ သူ ယုံကြည်တဲ့ အကြောင်း၊ ဒီလို လုပ်ကိုင် သွားတဲ့အခါ ဒုတိယ ဒီပဲယင်းလို ကိစ္စမျိုး မကြုံရ အောင် သတိကြီးစွာထားပြီး လုပ်ဖို့ လိုတယ်လို့ ဒေါက်တာ ဝင်းနိုင်က ဘီဘီစီကို ပြောပြသွား ပါတယ်။