ဘီဘီစီနဲ့ သီးသန့်ဆက်သွယ် မေးမြန်းခန်း

  • 14 နိုဝင်ဘာ 2010
ဒေါ်စု အဖွဲ့ချုပ်ကိုရောက်လာစဉ်
Image caption ဒေါ်စု အဖွဲ့ချုပ်ကိုရောက်လာစဉ်

ဒေါ်အောင်ဆန်း စုကြည်ဟာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာပြီး ဒီကနေ့ တနေ့လုံး သံတမန်တွေနဲ့ တွေ့ရ၊ ပြည်သူလူထုကို စကားပြောရ၊ သတင်း မီဒီယာတွေရဲ့ အမေးကို ဖြေကြားရနဲ့ မအားလပ်တဲ့ ကြားထဲကပဲ ညနေပိုင်း မှာတော့ ဘီဘီစီ မြန်မာပိုင်းကို တယ်လီဖုံးနဲ့ သီးသန့် ဆက်သွယ် မေးမြန်းခွင့် ပေးခဲ့ ပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ နေအိမ် အကျယ်ချုပ်က လွတ်မြောက် လာပြီး တဲ့နောက် ပြည်ပ သတင်း ဌါနတွေထဲက တယ်လီဖုံးနဲ့ ဆက်သွယ် မေးမြန်းတာကို ပထမဆုံး ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဖြေကြားရာမှာ သူ့အနေနဲ့ ဒီကနေ့ မနက်မှာ လွတ်မြောက်လာသူ တယောက်အနေနဲ့ နိုးထလာချိန်မှာ ဘယ်လို အတွေးတွေ တွေးမိသလဲဆိုတော့ အရင်နေ့ တွေတုန်းကဆိုရင် သူ့အနေနဲ့ အချိန်ဇယားနဲ့ လုပ်ခဲ့တာ ဖြစ်လို့ ဒီကနေ့မနက်မှာ ခါတိုင်း အချိန်ဇယားတွေနဲ့ မတူတော့တာကို တွေးမိတဲ့ အကြောင်း ဦးစွာ ပထမ ဖြေကြားပါတယ်။

လူတွေရဲ့ မျှော်လင့်ချက်ကို ဘယ်လို ဖြည့်ဆည်းပေးနိုင်မလဲ ဆိုတဲ့ မေးခွန်း ကိုတော့ ဒေါ်အောင်ဆန်း စုကြည်က မျှော်လင့်ချက် ဆိုတာ အလုပ်နဲ့ တွဲမှ မျှော်လင့်ချက်လို့ ခေါ်ရမယ် ဆိုတာ သူ့အနေနဲ့ အမြဲတမ်း ပြောခဲ့ဖူးတဲ့ အကြောင်း၊ အလုပ်နဲ့ တွဲမထားတဲ့ မျှော်လင့်ချက် ဟာ စိတ်ကူးယဉ် အိပ်မက်သာ ဖြစ်လို့ သူ့အနေနဲ့ကတော့ ဒီမျှော်လင့်ချက်တွေကို အလုပ်ဖြစ် အောင် လုပ်ရမှာ ဖြစ်တဲ့အကြောင်း ပြည်သူလူထု ကိုယ်တိုင်က ဒီမျှော်လင့်ချက်တွေကို အလုပ်နဲ့ တတ်နိုင်သမျှ တွဲပြီး လုပ်မှ ဖြစ်မယ် ဆိုတာ ပြည်သူ လူထုကို ပြောချင်တဲ့ အကြောင်း ဒေါ်အောင်ဆန်း စုကြည်က ဖြေပါတယ်။

စစ်အစိုးရက လုပ်သွားတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူ့ရဲ့သဘောထားကို ဖြေကြားရာမှာတော့ NLD အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကော်မီတီတခု ဖွဲ့ပြီး ရွေးကောက်ပွဲ ဖြစ်စဉ်တွေကို သုံးသပ်နေတဲ့ အကြောင်း အဲဒီကော်မီတီက ဘယ်လို အချက်အလက်တွေ စုဆောင်းထားသလဲဆိုတာ သူ့အနေနဲ့ ကြည့်ရှုရဦးမှာ ဖြစ်ပြီး အဲဒီ အချက်အလက်တွေ အပေါ် မူတည်ပြီးမှ ဒီရွေးကောက်ပွဲအပေါ် သူ့အနေနဲ့ တိကျတဲ့ သဘော ပြောနိုင်မှာ ဖြစ်တဲ့ အကြောင်း ဒါပေမယ့် ဒီရွေးကောက်ပွဲရဲ့ တရားမျှတမှုနဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်စရာတွေ အများကြီး ရှိတယ် ဆိုတာကိုတော့ ပြောနိုင်ပါတယ်လို့ ဖြေပါတယ်။

စစ်အစိုးရဟာ နှစ်ပေါင်း ၂၂ နှစ်အတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု ပြဌါန်း သွားတဲ့ ကိစ္စ၊ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပသွားတဲ့ ကိစ္စတွေ ဒါတွေအားလုံး စစ်အစိုးရက အပိုင်အနိုင် လုပ်ထားပြီးတော့မှ လွတ်မြောက်လာတဲ့ လူတယောက်အဖို့ ၂၂ နှစ်လုံး ကိုယ့်ရဲ့ ကြိုးပမ်းထားမှုတွေဟာ အလဟဿ ဖြစ် ရာ မရောက်ဘူးလားလို့ မေးတဲ့ အခါမှာတော့ ဒေါ်အောင်ဆန်း စုကြည်က သူ့အနေနဲ့ ၂၂ နှစ်မကလို့ နှစ်ပေါင်း ၂၂၀ ပဲ ဖြစ်ဖြစ် ပြည်သူ လူထုရဲ့ ယုံကြည်မှု ပြည်သူလူထုရဲ့ စစ်မှန်တဲ့ စေတနာ အင်အား မပါလို့ကတော့ ဘယ်အရာကိုမှ ရေရှည် တည်ထောင်လို့ ရမှာ မဟုတ်ဘူးလို့ သူယုံကြည်တဲ့ အကြောင်း ပြောပါတယ်။

အခုအခါ NLD မရှိတော့တဲ့အတွက် လှုပ်ရှားမှုတွေ လုပ်ရာမှာ အကန့်အသတ်တွေ ရှိလာမယ်ဆိုရင် ဘယ်လို စုစည်းပြီးတော့ ဆက်လက် လှုပ်ရှားသွားနိုင်မလဲဆိုတဲ့ မေးခွန်းကိုတော့ ဒေါ်အောင်ဆန်း စုကြည်က NLD ရဲ့ ရပ်တည်ပိုင်ခွင့် မရှိတော့ဘူးဆိုတာ ဒီအချိန်မှာ ပြောလို့ မရတဲ့အကြောင်း ၊ မိမိတို့ရဲ့ အဓိကလုပ်ငန်းဟာ NLD ရှင်သန်ရေး အတွက် မဟုတ်ပဲ ပြည်သူလူထု ရှင်သန်ရေး အားသန်ရေးအတွက် ဖြစ်လို့ ပြည်သူက ထောက်ခံနေရင် NLD က အမြဲရှင်သန်နေမှာ ဖြစ်တယ်လို့ ဖြေပါတယ်။

ရွေးကောက်ပွဲအပေါ် မူတည်ပြီး သဘောထား ကွဲပြားသွားတယ်လို့ ယူဆရတဲ့ နိုင်ငံရေး အစုအဖွဲ့တွေ အားလုံးကိုလည်း သူ့အနေနဲ့အတူ လက်တွဲလုပ်ဖို့ လက်ကမ်း ကြိုဆိုတဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဖြစ်အောင် မိမိတို့အနေနဲ့ နည်းလမ်း အမျိုးမျိုးကို အသုံးပြုပြီး ဖြစ်အောင် လုပ်သွားရမှာကလည်း မိမိတို့ရဲ့ တာဝန် ဖြစ်သလို မဖြစ်စေချင်တဲ့သူတွေ စိတ်ပြောင်းအောင် လုပ်ရမှာကလည်း မိမိတို့ရဲ့ တာဝန် ဖြစ်ပါတယ်လို့လည်း ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က သူ့ရဲ့လုံခြုံရေးနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား စီစဉ် လုပ်ကိုင်ထားတာ မရှိတဲ့အကြောင်း သူ့ရဲ့လုံခြုံရေးနဲ့ နိုင်ငံသူ နိုင်ငံသားတိုင်းရဲ့ လုံခြုံရေးဟာ တကယ်တော့ အုပ်ချုပ်ရေး တာဝန်ယူထားတဲ့ သူတွေရဲ့ တာဝန်သာ ဖြစ်ပါတယ်လို့ ပြောဆို ဖြေကြားသွားပါတယ်။