ကမ္ဘာတလွှားက သူ့ကို ထောက်ခံသူတွေကို ကျေးဇူးတင်ကြောင်းပြော

  • 14 နိုဝင်ဘာ 2010
Image caption လူထုကို စကားပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လာပြီး ပထမဆုံးနေ့မှာဘဲ မအားလပ်တဲ့ကြားက ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ကို သီးသန့် တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခွင့် ပေးခဲ့ပါတယ်။

လွတ်မြောက်လာသူ အဖြစ် ပထမဆုံးနေ့ နိုးထလာချိန်မှာ ဘယ်လို ခံစားရပါသလဲ ဆိုတော့ တနေ့တာ ဘာတွေ လုပ်ရမယ်ဆိုတာ စဉ်းရပုံ မတူတော့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားပါတယ်။

အရင်နေ့တွေကတော့ အချိန်ဇယားနဲ့ တနေ့တာ လုပ်စရာတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဒီနေ့တော့ ခါတိုင်း အချိန်ဇယားနဲ့ မတူတော့ဘူးပေါ့လို့ ဆိုပါတယ်။

မျှော်လင့်ချက် ဆိုတာ အလုပ်နဲ့ တွဲပြီးမှ မျှော်လင့်ချက်လို့ ခေါ်ရမယ် ၊ အလုပ်နဲ့ မတွဲထားရင် ဒါဟာ စိတ်ကူးရင် အိမ်မက်ပဲ ဖြစ်မှာပါ ၊ မျှော်လင့်ချက်ကို အလုပ်ဖြစ်အောင် လုပ်ရမှာပါ မျှော်လင့်ချက်ကို ဖြည့်ဆည်း အကောင်အထည် ဖော်နိုင်ဖို့ ပြည်သူလူထု ကိုယ်တိုင်က ပါဝင်ပြီး လုပ်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပြည်သူလူထုကို ကျွန်မတို့က အားကိုးပြီး ပြည်သူကလည်း ကျွန်မတို့ကို အားကိုးတယ် ဆိုရင် တဖက်နဲ့တဖက် အားဖြည့်ပေးရမယ် ယုံကြည်စိတ်ချမှု တည်ဆောက်ရမယ် လို့လည်း ဆိုပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကော်မတီ တရပ်ဖွဲ့စည်းကာ ဖြစ်စဉ်တွေကို သုံးသပ်နေပါတယ် ၊ အဲဒီကော်မတီက အချက်အလက်တွေ ဘယ်လို စုဆောင်း ထားသလဲ ဆိုတာကို သူမအနေနဲ့ ပြန်ကြည့်ရပါဦးမယ် ၊ ဒါတွေအပေါ် အခြေခံပြီးမှာ ဘယ်လို သဘောထားမလဲ ဆိုတာ အဲဒီအခါမှ တိတိကျကျ ပြောနိုင်မယ် ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာ အများကြီး ရှိတယ်ဆိုတာ သိထားပါတယ်လို့ ဒေါ်စုက ဖြေကြားခဲ့ပါတယ်။

အထိန်းသိမ်းခံကာလ ၂၂နှစ် အတွင်း ကြီးမားတဲ့ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့တာကြောင့် ကိုယ်ကြိုးစားခဲ့တာတွေ အချည်းနှီး ဖြစ်သွားတယ်လို့ ခံစားရပါသလားလို့ ဘီဘီစီက မေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က '၂၂နှစ်မကလို့ နှစ် ၂၂ဝ ဘဲ ဖြစ်ပါစေ ပြည်သူလူထုရဲ့ ယုံကြည်မှုကို မရယူနိုင်ရင် ဘာမှ မအောင်မြင်နိုင်ဘူး ရေရှည်မှာ ဘာမှ အောင်မြင်မှု ရှိမှာ မဟုတ်ဘူး ပြည်သူလူထုရဲ့ ယုံကြည်မှု ပါရမယ် ၊ လူထုရဲ့ စစ်မှန်တဲ့ အားပါရမယ် ၊ အဲဒါ မပါလို့ကတော့ ဘယ်အရာကိုမှ ရေရှည် တည်ထောင်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း ' လို့ ဆိုသွားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မရှိတော့တဲ့ အတွက် လှုပ်ရှားနိုင်မှု အကန့်အသတ်တွေ ဖြစ်သွားပါသလား ၊ NLD ကို ဘယ်လို စုစည်းပြီး ဆက်လက် ဦးဆောင်သွားမှာပါလဲလို့ မေးတဲ့အခါ ' NLD ရပ်တည်ပိုင်ခွင့် မရှိတော့ဘူးလို့ ပြောလို့မရတော့ကြောင်း ၊ အခုဆိုရင် ဒီဟာကို တရားရုံးမှာ လက်ခံထားတဲ့ အမှု ဖြစ်ပါတယ် ၊ ဒါကို ၁ဂ ရက်နေ့မှာ ကြားနာမှာ ဖြစ်ပါတယ် ၊ အဲဒီလို ကြားနာနေချိန်မှာ NLD ပျက်ပြယ်သွားပြီလို့ ပြောလို့ မရပါဘူး ၊ တရားရုံးက အမှုကို လက်ခံပြီး ကြားနာတယ် ဆိုတဲ့ အဓိပ္ပါယ်ဟာ NLD ပျက်ပြယ်သွားပြီလားဆိုတဲ့ အဖြေမရှင်းသေးပါဘူး ဆိုတာပါဘဲ ၊ နောက်တခုက ကျွန်မတို့ အလုပ်လုပ်နေတာဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အားသန်ရေး အတွက်မဟုတ်ဘူး ပြည်သူလူထု ရှင်သန်ရေး အတွက် ဖြစ်ပါတယ် အဲဒါကို ကျွန်မတို့ ဆက်လုပ်နေမှာ ဖြစ်ပါတယ် ၊ ဒီလိုလုပ်နေတာကို ပြည်သူလူထုက သဘောကျတယ် ထောက်ခံတယ် ဆိုလို့ရှိရင် NLD က အမြဲ ရှင်သန်နေမှာပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ခေါင်းဆောင်ဆိုတာ ခေါင်းဆောင်လို့ မပြောကောင်းပါဘူး ၊ ကျွန်မတို့ လုပ်တာကိုင်တာကို သဘောတူလို့ ဒီမိုကရေစီအရေး လှုပ်ရှားနေသူ အားလုံးကို လက်ကမ်းကြိုဆိုနေမှာပါ ရည်ရွယ်ချက်ခြင်းတူပြီး စိတ်ဆန္ဒချင်းတူတယ် သတ်မှတ်ထားတဲ့ မူဝါဒချင်းက လုံးဝ မတူရင်တောင်မှ ကွဲပြားတာ ကြီးကြီးကျယ်ကျယ် မရှိရင် ကျွန်မတို့ ဒီမိုကရေစီ အတွက် အလုပ်လုပ်နေသူ အစုအဖွဲ့ အားလုံးဟာ လက်တွဲပြီး မလုပ်နိုင်စရာ မရှိပါဘူးလို့ ဆိုပါတယ်။

အမျိုးသား ရင်ကြားစေ့ရေးကို ရဖို့အတွက် နည်းအမျိုးမျိုး ရှာရမှာဘဲ ၊ အရင်က နည်းလမ်းဟောင်းတွေ သုံးသင့်ရင် သုံးရမှာဘဲ ၊ အမျိုးသား ရင်ကြားစေ့ရေးကို လုပ်ဖို့ဟာ ကျွန်မတို့ တာဝန်ဖြစ်ပါတယ် ၊ ငြင်းတဲ့လူတွေ စိတ်ပြောင်းအောင် လုပ်ဖို့က ကျွန်မတို့ တာဝန်ဖြစ်ပါတယ်လို့လည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ထူးထူးခြားခြား မလုပ်ထားပါဘူး သူမ လုံခြုံရေးဟာ အများပြည်သူရဲ့ လုံခြုံရေး နည်းတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးဟာ အုပ်ချုပ်တဲ့ အာဏာပိုင် အဖွဲ့အစည်းရဲ့ တာဝန်သာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

မိသားစု အရေးနဲ့ ပတ်သက်လို့ သားငယ်ဖြစ်သူကို တွေ့ခွင့်ရဖို့ ပြည်ဝင်ခွင့် ဗီဇာ ရစေချင်ပါတယ် ၊ ဒါပေမယ့် လာခွင့်မရဘူး တွေ့ခွင့်မရဘူး ဆိုရင်လည်း ဒါကို ခံနိုင်ပါတယ် ၊ ဒီလိုဘဲ ခံခဲ့ရတာဘဲ ၊ သားတွေက ကျွန်မအပေါ် ကောင်းပါတယ် ၊ အဲလောက်ကောင်းတာကိုဘဲ တွေ့ခွင့်မရပေမယ့် ကျေနပ်လှပါတယ် ၊ သားတွေနဲ့ မတွေ့ရပေမယ့် ကျွန်မရဲ့ နှလုံးသားထဲမှာ သားတွေကို အမြဲနီးစပ်မှု ရှိနေပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့ပါတယ်။