ဒေါ်စု ဒီနေ့ ဗဟန်း ရုံးချုပ်မှာ စကားပြောမည်

  • 14 နိုဝင်ဘာ 2010
Aung San Suu Kyi
Image caption မနေ့က ပြန်လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်

မနေ့က နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာတဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ သူ့အိမ်ရှေ့မှာ ထောင်နဲ့ချီတဲ့ သူ့ကို လာရောက် ကြိုဆိုနှုတ်ဆက်သူတွေကို မနေ့က လွတ်လွတ်ချင်း တွေ့ဆုံနိုင် ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ခုတခေါက် ပြန်မလွတ်ခင် နေအိမ် အကျယ်ချုပ်နဲ့ ခုနှစ်နှစ် နေခဲ့ရပြီး လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် အတွင်းမှာ နေအိမ် အကျယ်ချုပ်နဲ့ ဆယ့်ငါးနှစ်ကျော် နေခဲ့ရပါတယ်။

သူ့ကို လာရောက်တွေ့ဆုံသူတွေကို ဒေါ်အောင်ဆန်းစုကြည်က လက်ဝှေ့ရမ်း နှုတ်ဆက်ပြီး ကိုယ်လိုချင်တဲ့ ပန်းတိုင် ရောက်အောင် အားလုံး တညီတညွတ်ထဲ လုပ်ကြရမယ်လို့ ပြောခဲ့ပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့ ဆယ့်နှစ်နာရီမှာ ပြည်သူလူထုကို ဗဟန်းရုံးချုပ်ကို လာကြဖို့ ခေါ်ထားပါတယ်။

နအဖရဲ့ အတုအယောင် ရွေးကောက်ပွဲအပြီး တပတ်အကြာမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်ရက်စေ့ပြီး ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတဲ့အခါမှာ ဘယ်လို ကန့်သတ်ချက်၊ ဘယ်လို ခြွင်းချက်မှ မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြောပါတယ်။

အင်အယ်ဒီကနေ ခွဲထွက်ပြီး အမျိုးသား ဒီမိုကရေစီ အင်အားစု အင်ဒီအက်ဖ နံမယ်နဲ့ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ အဖွဲ့က ဦးခင်မောင်ဆွေက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာဟာ ဒီမိုကရေစီ အဖွဲ့အားလုံးအတွက် အားတက်စရာဘဲလို့ ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နအဖနဲ့ နအဖရဲ့ အစီအစဉ်တွေကို မခြိမ်းခြောက်နိုင်တော့ဘူးလို့ နအဖက အသေအချာ ယူဆလို့သာ ခုလို ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ သတင်းထောက်တွေက သတင်းဝေဖန်ချက် ပေးနေပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတာကို ကြိုဆိုတယ်လို့ ပြောလိုက်ပြီး ကျန်တဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကိုလည်း ပြန်လွှတ်ပေးဖို့ စစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

အမေရိကန် သမ္မတ ဘရက် အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ သူရဲကောင်းလို့ ပြောပြီး ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်ကလည်း သူဟာ တကမ္ဘာလုံးက ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်တွေကို ယုံကြည်သူ အားလုံး အားကျ အတုယူစရာ ပုဂ္ဂိုလ် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အာဆီယံ ဥက္ကဌ စူရင် ပစ်စုဝမ်ကလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့အတွက် စိတ်အေးသွားရကြောင်း ပြောပြီး ဥရောပကော်မရှင်ရဲ့ ဥက္ကဌ ဟိုဆေး မန်းဝဲလ ဘာရိုစိုကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အနာဂတ် မြန်မာ့နိုင်ငံရေးမှာ အပြည့်အဝ ပါဝင်ခွင့် ပြုရမယ်လို့ ပြောသွားခဲ့ပါတယ်။