ဒေါ်စုလွတ်မြောက်မှုအပေါ် နိုင်ငံတကာ တုံ့ပြန်မှုများ

  • 15 နိုဝင်ဘာ 2010
Image caption စီးပွားရေးပိတ်ဆို့မှုတွေ ပြန်ရုပ်သိမ်းပေးဖို့ သူက တောင်းဆိုသွားပါတယ်

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်လာတဲ့အပေါ် နိုင်ငံတကာက တုံ့ပြန် ကြိုဆိုမှုတွေ ဒီကနေ့အထိ ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။

နိုဘဲယ်ငြိမ်းချမ်းရေးဆုရှင် အရှေ့တီမော သမ္မတ ရာမို့စ် ဟော့တာက ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အတွက် သူသိပ်ကို ဝမ်းသာပျော်ရွှင် ပါကြောင်းနဲ့ လွှတ်ပေးတဲ့ မြန်မာစစ်အစိုးရကို လည်း ချီကျူးသွားပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ထားတဲ့ အမေရိကန် နဲ့ ဥရောပနိုင်ငံတွေကိုလည်း ပိတ်ဆို့မှုတွေ ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆို လိုက်ပါတယ်။

အိုင်ယာလန်နိုင်ငံ လေဘာပါတီကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ကြိုဆိုလိုက်ပါတယ်။ လေဘာပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် Michael Higgins က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာတဝှမ်းက ကြည်ညို လေးစားကြသလို အိုင်ယာလန်နိုင်ငံက ပြည်သူတွေရဲ့ ကြည်ညိုလေးစားခံရသူ တဦးဖြစ်ကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အိုင်ယာလန်နိုင်ငံက Dublin နဲ့ Galway မြို့တွေ အပါအဝင် မြို့အတော်များများက ဆုတွေ ချီးမြှင့်ခဲ့ပါတယ်။ အခုတော့ မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဒီဆုတွေကို ကိုယ်တိုင် လက်ခံနိုင်မယ်လို့ မျှော်လင့်ပါ ကြောင်း အိုင်ယာလန်နိုင်ငံ လေဘာပါတီ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

တောင်အဖရိကအစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတာကို ကြိုဆို လိုက်ပြီး၊ သူ့လိုဘဲ နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာပြီး၊ မြန်မာ့ နိုင်ငံရေးလောကထဲ အကန့်အသတ်မရှိ ပါဝင်လှုပ်ရှား နိုင်ခွင့်ရဖို့ မျှော်လင့်ပါတယ်လို့ တောင်အာဖရိက နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပူပေါင်းဆောင်ရွက်ရေးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် မိုလိုဘီက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၊ အဲလ်ဘာတိုရိုမူလို ကလည်း မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီလမ်းပြမြေပုံ အစီအစဉ်ကို အကောင်အထည်ဖေါ်နိုင်ရေး အတွက် အချိန်မဆွဲပဲ နောက်ထပ် ရှေ့တိုးဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။

မလေးရှား ဒုတိယဝန်ကြီးချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာရေးအတွက် မြန်မာအစိုးရကို သူတို့အနေနဲ့ ကာလတာရှည် တောင်းဆိုနေခဲ့ တာဖြစ်ပြီး၊ အခုတခါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံး အကြိမ် လွတ်မြောက်မှုဖြစ်မယ်လို့ မျှော်လင့်ပါကြောင်း ပြောပါတယ်။