ဘီဘီစီ အင်္ဂလိပ်ဌာနနဲ့ဒေါ်အောင်ဆန်းစုကြည်

  • 15 နိုဝင်ဘာ 2010
_assk
Image caption ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည် ကို လူထုက နွေးထွေး၊အားကိုးတဲ့ ကြိုဆိုမှု ပြုကြတဲ့ အပေါ် ဘယ်လို သဘောရပါ သလဲလို့ ဘီဘီစီမှ Alaistair Leithead ကမေးရာမှာ သူ့ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ဖြစ်ရတယ်၊ သိပ်လည်း ကျေးဇူးတင်မိတယ်။ ဘာလို့ဆိုတော့သူ့ ကို လာတွေ့တဲ့လူ အတော်များများဟာ ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေကို ဖြတ်သန်းခဲ့ရသူတွေပဲ။ သူတို့က ပိုက်ဆံချမ်းသာတဲ့၊ အခွင့်ထူးခံတွေလည်း မဟုတ်ကြဖူး။ ဒါပေမယ့် သူတို့ရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို ဂရုမစိုက်ဘဲ သူ လွတ်လာတာကို ဝမ်းသာအားရ ဖြစ်ပြီးလာကြတာကို မြင်ရတာ ရင်ထဲ သိပ်လှိုက်လှိုက်လှဲလှဲ ဖြစ်မိတယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ပြည်သူတို့ မျှော်လင့်ချက်တွေကို ပြည့်မှီအောင် ဒေါ်စုအနေနဲ့ ဘယ်လို လုပ်မလဲ လို့ မေးရာမှာ တော့ ဒါ သူတို့ကိုလည်း ပြောပြီးသားပါ။ သူတို့ အကူအညီနဲ့ပဲ သူတို့ မျှော်လင့်တာတွေကို ရအောင်လုပ်နိုင်မှာပါ။ ကျွန်မ တယောက်ထဲ မလုပ်နိုင်ပါဘူး။ သူတို့ လိုချင်တာ၊ မျှော်လင့်တာ မှန်သမျှရဖို့ ဒီမိုကရေစီအတွက် ကျမတို့ အားလုံး လက်တွဲ လုပ်ရမှာပါ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အမျိုးသား ရင်ကြားစေ့ရေးနဲ့ ပတ်သက်ပြီးလည်း ပြောသွားရာ မှာ တော့ အချင်းချင်း ကြား မတူတာတွေကို ထိုင်ပြီး ဆွေးနွေးရမှာပါ။ သဘောမတူရင်လည်း ဘယ်နေရာမှာ ဘာ့ကြောင့် သဘောမတူညီလဲဆိုတာ လေ့လာပြီး ဖြစ်နိုင်မယ်ဆိုရင်လည်း သဘောမတူရခြင်း အကြောင်းရင်းတွေကို ဖယ်ရှားရမှာပါ။ ဒါနဲ့ ပတ်သက်ပြီး ပြောစရာတွေ အများကြီး ရှိပါတယ် လို့ ရှင်းပြပါတယ်။

အင်အယ်ဒီပါတီဟာ ပီးခဲ့တဲ့ အပတ်ရွေးကောက်ပွဲမှာ မဝင်ဖို့ ဆုံးဖြတ်ခဲ့ ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲလားလို့ မေးရာမှာ တော့ မှန်တယ်လို့ ထင်တဲ့ အကြောင်း ဘာကြောင့်လဲ ဆိုတော့ ကျမတို့သာ ဝင်ပြိုင်ရင် မဲလိမ်တဲ့သူတွေ ဘယ်လောက် အလုပ်ရှုပ်မလဲဆိုတာ ရယ်၊ ရွေးကောက်ပွဲ ဟာလဲ တရားမျှတမှုနဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများကြီး ထုတ်နေကြတယ်။ မဲလိမ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ရှိနေတယ်။ အင်အယ်လဒီကခု ကော်မတီဖွဲ့ပြီး ဒီမသမာမှုတွေကို စုံစမ်းစစ်ဆေး၊ ပြီးရင် အစီရင်ခံစာတခု တင်မှာပါလို့ လဲ ဒေါ်အောင်ဆန်းစုကြည် က ပြောပါသေးတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းကိုရော ဘာပြောချင်ပါလဲလို့ မေးရင်း၊ မြန်မာနိုင်ငံကို ဒဏ်ခပ် ပိတ်ဆို့မှု ဆက်လုပ်သင့်သလား၊ ဒါမှမဟုတ် ရုပ်သိမ်းသင့်သလားဆိုတော့ ဒါတော့ ပိတ်ဆို့မှု လုပ်ထားသူတွေရော၊ ပိတ်ဆို့မှုကို ထောက်ခံသူတွေ၊ ဆန့်ကျင်သူတွေနဲ့ တွေ့ပြီး စကားပြောချင်ပါတယ် သူသိချင်တာ တွေလည်း အများကြီး ရှိပါတယ်။ နောက် ပြည်သူလူထုနဲ့လည်း စကားပြောချင်တယ်။ သူတို့ ပြောတာကို၊ သူတို့ဘာလိုချင်သလဲဆိုတာ ကြားချင်တယ်။ နောက်တခြား နိုင်ငံတွေနဲ့လည်း စကားပြောချင်တယ်။ သူတို့ ဘာလုပ်ပေးနိုင်မလဲ ဆိုတာကို နားထောင်ချင်ပါတယ်။ ပြီးရင် အားလုံး များနိုင်သမျှ များများ လက်ခံနိုင်မဲ့ အဖြေတခုကို ရှာရမှာပါ လို့ ဒေါ်အောင်ဆန်းစုကြည် က ဘီဘီစီ ကို ရှင်းပြပါတယ်။