ကြံ့ခိုင်ရေးပါတီကို တရားမဝင် ကြေငြာဖို့ တောင်းဆို

  • 15 နိုဝင်ဘာ 2010
USDA
Image caption ကြံ့ခိုင်ရေး ပါတီ အပေါ် ဝေဖန်မှု အများအပြားရှိ၊

ဝန်ကြီးချုပ် ဦးသိန်းစိန် ဥက္ကဌ အဖြစ်ပါဝင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ ့ဖွံ့ဖြိုးရေးပါတီဟာ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖေါက်ပြီး နိုင်ငံပိုင်ငွေနဲ့ အဆောက်အဦးတွေကို သုံးစွဲတဲ့အပြင် ရွေးကောက်ပွဲမှာလည်း မသမာမှုတွေ ရှိခဲ့တယ်လို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက စွပ်စွဲပြီး ရွေးကောက်ပွဲကော်မရှင်ကို တိုင်တန်းထားတယ်လို့သိရပါတယ်။

မသမာမှုတွေကို ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပါတီအနေနဲ့လည်း တွေ့ကြုံ ခံစားခဲ့ရတာတွေ ရှိတဲ့အကြောင်း ဥပမာအားဖြင့် ပဲခူးတိုင်းထဲမှာ မဲပေးလို့ မဲဆန္ဒ ပေးတဲ့သူတွေ ကုန်တဲ့အထိ စေါင့်ဆိုင်းပြီးရင် မဲရုံပိတ် မဲရေတွက်ပြီး အတိအကျ ပြောဆိုမှတ်သားရမှာဖြစ်ပေမယ့် အဲသလိုမလုပ်ပဲ နောက်တနေ့ ကျမှ အနိုင်အရှုံးစာရင်းကို ကော်မရှင်က ကြေညာတာမျိုးတွေ ရှိခဲ့တယ်လို့ ဦးအောင်သန်းက ရှင်းပြပါတယ်။

အခုလို အဖြစ် အပျက်တွေဟာ တခြား ပါတီတွေလည်း ကြုံတွေ့ခဲ့မှာဖြစ်ပေမယ့် ဒါကတော့ မိမိတို့ ပါတီအနေနဲ့ ဒီမသမာမှုတွေကို စတင် တိုင်ကြားတဲ့ သဘောသာ ဖြစ်တဲ့အကြောင်း၊ ဒီလို တပါတီချင်းစလိုက်ပြီးမှ နောက်ပိုင်းမှာ စုပေါင်းပြီး သတင်းစာ ရှင်းလင်းပွဲလုပ်ဖို့ အထိ စီစဉ်ထားတာ ရှိတယ်လို့ ဦးအောင်သန်းက ပြောပါတယ်။