အမှုအတွက် ဒေါ်စု ကျမ်းသစ္စာကျိန်ဆို

  • 16 နိုဝင်ဘာ 2010

၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် ဖေါ်ပေးဖို့ စစ်အစိုးရဘက်က ပျက်ကွက်တာကို ဆောင်ရွက်ပေးဖို့နဲ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအရ ပါတီကို ဖျက်သိမ်းခဲ့တာနဲ့ ပတ်သက်ပြီး NLD ပါတီကနေ အစိုးရကို တရားစွဲဆိုထားခဲ့ အမှုတွေ ဆက်လက် ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ရန်ကုန် တရားရုံးချုပ်ကို သွားရောက်ခဲ့ ပါတယ်။

Image caption မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ဒီအမှု ၂ မှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်ဟာ ဥပဒေ လုပ်ထုံးလုပ်နည်း တခုအရ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ ပါတယ်။ ပါတီရဲ့ တာဝန်ပေးချက်အရ ရှေ့ပိုင်းက ဥက္ကဌ ဦးအောင်ရွှေက အစိုးရကို တရားစွဲဆိုခဲ့တာ မှန်ပေမယ့် အခုတော့ ဦးအောင်ရွှေက အသက်အရွယ် ကြီးလှပြီ ဖြစ်လို့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အမှုရင်ဆိုင်မှာမို့ ကျမ်းသစ္စာကျိန်ဆို ရတာလို့ သိရပါတယ်။

လာမယ့် နိုဝင်လာလ ၁၈ ရက်နေ့မှာတော့ နေပြည်တော်မှာ ရုံးချိန်းကို ယူသွားမှာ ဖြစ်တဲ့အကြောင်း၊ အဲဒီမှာပဲ ဒီအမှုကို တရားရုံးက လက်ခံသင့် မသင့်ဆိုတာ လျှောက်လည်းချက် ပေးရမှာ ဖြစ်တယ်လို့ ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

နေပြည်တော် တရားရုံးချုပ်က ဒီအမှုကို လက်ခံပြီဆိုရင်တော့ နေပြည်တော်ကို ဒေါ်စု ကိုယ်တိုင် သွားရမှာ ဖြစ်တယ်လို့ ဦးကြည်ဝင်းက ဘီဘီစီကို ပြောပါတယ်။