ဒုတိယပင်လုံညီလာခံနဲ့ ဒေါ်စု

  • 16 နိုဝင်ဘာ 2010
ပင်လုံ ညီလာခံအထိမ်းအမှတ် ကျောက်တိုင်
Image caption ပင်လုံ ညီလာခံအထိမ်းအမှတ် ကျောက်တိုင်

ဇိုမီး အမျိုးကွန်ဂရက် နှစ်ပတ်လည်နေ့မှာ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးအင်အားစု အဖွဲ့ပေါင်း၅၀ ကျော်က တောင်းခံတဲ့ ဒုတိယပင်လုံညီလာခံမျိုးလုပ်ဖို့ NLD အနေနဲ့ ပါဝင် ဆောင်ရွက်သင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုအလုပ်အမှု ဆောင်တွေကြားမှာ ဆွေးနွေးကြကြောင်း ဇိုမီး အမျိုးသားကွန်ဂရက် ဉက္ကဌ ဦးကျင်ရှင်ထန်က ဘီဘီစီကို ပြောပါတယ်။

ဒီကိစ္စကိုတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အသေအချာ မဆွေးရသေးပေမဲ့ ကြေငြာချက်ထဲမှာကို ဒေါ်စုကိုယ်တိုင်ပါဝင်ခေါင်းဆောင် သင့်တယ် လို့ ဖေါ်ပြထားကြောင်း သူကဆက် ပြောပါတယ်။

ရွေးကောက်ပွဲပြီးပေမဲ့ တိုင်းရင်းသားတွေနဲ့ အစိုးရကြားဆက် တင်းမာမှုတွေဖြစ်နေသလို ပြဿနာတွေဖြေရှင်းဖို့ အားလုံးပါဝင်ပြီး ဆွေးနွေးမဲ့ ပင်လုံညီလာခံသဘောမျိုး အစည်းအဝေးလုပ်ဖို့ တိုင်းပြည်ရဲ့ ကနေ့ အရေးတကြီးလိုအပ်ချက်လို့ ဦးကျင်ရှင်းထန်ကပြောသွားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ မှဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တာကြိုဆိုပြီး တိုင်းရင်းသားအရေး အတွက် စဉ်းစားပြီးဦးဆောင်မှုတခု ပေးနိုင်မယ် လို့မျှော်လင့်ကြောင်းဘီဘီစီကိုပြောသွားပါတယ်။