နိုင်ငံရေး အကျဉ်းသား တွေရဲ့ မျှော်လင့်ချက်

ဒေါ်အောင်ဆန်း စုကြည် နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက် လာတဲ့ အတွက် ပြည်တွင်းနဲ့ ပြည်ပက ပြည်သူတွေ ကြားမှာ ဝမ်းသာ ပျော်ရွှင်နေကြ သလို အကျဉ်း ထောင် တွေ ထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား တွေက လည်း သူတို့ လွတ်မြောက်ရေးကို မျှော်လင့် နေကြပါတယ်။

Image caption ဒေါ်အောင်ဆန်း စုကြည် အလာကို အန်အယ်လ်ဒီ ရုံးချုပ် မှာ စောင့်ကြို နေကြ

မိတ္ထီလာ ထောင်မှာ နှစ်ရှည် ထောင်ကျ နေတဲ့ အသက် ၆၃ နှစ် အရွယ် နိုင်ငံရေး အကျဉ်းသူ ဒေါ်စန်းစန်းတင် က ဒေါ်အောင်ဆန်း စုကြည် ပြန်လွတ် လာတဲ့ အတွက် ဝမ်းမြောက် ဝမ်းသာ ရှိပြီး သူတို့လို နိုင်ငံရေး အကျဉ်းသားတွေ အတွက် ရော မျှော်လင့်ချက် ရှိပြီလားလို့ အင်္ဂါ နေ့က ထောင်ဝင်စာ သွား တွေ့ ခဲ့တဲ့ မိသားစု ကို မေးခဲ့ ပါတယ်။

စနေ နေ့က ဒေါ်အောင်ဆန်း စုကြည် ပြန်လွတ် မြောက် လာပြီ ဆိုတာကို ထောင်ဝင်စာ သွား တွေ့သူ မရှိခင် ကတည်းက ထောင်တွင်းမှာ ရှိတဲ့ အကျဉ်းသား တွေ က သတင်းစာတွေ ဖတ်ပြီး သိရှိ နေကြပြီ လို့ လည်း ဆိုပါတယ်။

နှစ်ရှည်လများ အင်းစိန်ထောင်မှာ အကျဉ်းကျခံ ခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်း ဖြစ်သူ ၁၉၉၀ ရွေးကောက်ပွဲ တုန်းက ပုဇွန်တောင် မြို့နယ်ကနေ အရွေးခံခဲ့ရတဲ့ NLD ကိုယ်စားလှယ် ဦးနိုင်းနိုင်း ကတော့ နိုင်ငံရေး အကျဉ်းသား တွေဟာ ဒေါ်အောင်ဆန်း စုကြည် လွတ်ရမယ့် ရက်ကို သိထားကြပြီးဖြစ်လို့ လွတ်လာမှာကို မျှော်လင့် ကြိုဆို နေခဲ့ ကြမှာ ဖြစ်သလို တချိန်ထဲ မှာပဲ လွတ်ရက် စေ့ပေမဲ့ မလွှတ်ဘဲ နေနိုင်တာကိုလည်း စိုးရိမ်ပူပန် ခဲ့ကြနိုင်တယ်လို့ သုံးသပ်ပါတယ်။

သူ ကိုယ်တိုင် နှစ်ရှည်လများ ထောင်ထဲမှာ နေခဲ့ရတဲ့ အချိန်တွေ အတွင်းမှာလည်း ဒေါ်အောင်ဆန်း စုကြည် အဖမ်းခံရတာ၊ လွတ်မြောက်တာ စတဲ့ ဖြစ်ရပ်တွေကို ကြုံခဲ့ ရသူဖြစ်လို့ ဒေါ်အောင်ဆန်း စုကြည် လွတ်လာပြီ ဆိုတဲ့ သတင်းကြောင့် ကိုယ်လည်း လွတ်မြောက် မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပေါင်းစပ် ဝမ်းသာခဲ့ဖူး တယ်လို့ ဦးနိုင်း နိုင်းက ဘီဘီစီကို ပြန်ပြော ပါတယ်။