မဲမသမာမှု တိုင်ကြားဖို့ ပြင်ဆင်နေ

  • 16 နိုဝင်ဘာ 2010
Image caption အနိုင်ရပြီးမှ ပြန်ရှုံးသွားရတဲ့ ဖြစ်ရပ်မျိုး ရန်ကုန်မှာ ၁၀ ဦးလောက်ရှိ

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တာတွေကို အထောက်အထားတွေ ရယူ စုဆောင်းနေတဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် တွေ စုပေါင်းပြီး မြန်မာအစိုးရ အကြီးအကဲ ဆီကို တိုင်ကြားတဲ့အပြင် ဥပဒေအရလည်း ဆက်လက် လုပ်ဆောင်သွားဖို့ ပြင်ဆင် နေပါတယ်။

ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တဲ့အတွက် နအဖအစိုးရက ကြံ့ခိုင်ရေး တပါတီတည်း အနိုင်ရဖို့ လုပ်သလိုမျိုးဖြစ်သွားကြောင်း ဒါဟာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် မကောင်း ကြောင်း တောင်ဥက္ကလာပ မြို့နယ်က ဝင်အရွေးခံခဲ့ပြီး ရှုံးခဲ့တဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် လောင်း ဦးကောင်းမြင့်ထွဋ်က ပြောပါတယ်။

ကနဦးမှာ မဲအခြေအနေအရ အနိုင်ရရှိနေတဲ့ပုံရှိခဲ့ရာမှ နောက်ပိုင်း ပြန်ရှုံးသွားရတဲ့ ဖြစ်ရပ်မျိုး ရန်ကုန်မှာ အထင်အရှား ဖြစ်ခဲ့တာမျိုး ၁၀ ဦးလောက်ရှိတယ်လို့ သူက ဆိုပါတယ်။

ဒီဖြစ်ရပ်တွေကို အထင်အရှား သက်သေခံနိုင်တဲ့သူတွေကတော့ တောင်ဥက္ကလာပ တိုင်းဒေသကြီးလွှတ်တော်မှာ ဝင်ပြိုင်တဲ့ ဒေါက်တာစောနိုင်၊ လေးမျက်နှာမြို့နယ်က ကိုအောင်မင်းသိန်း၊ ဒလမြို့နယ်က ဦးဝင်ချိုတို့ ဖြစ်တယ်လို့ ဦးကောင်းမြင့်ထွဋ်က ပြောပါတယ်။

ပြန်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်က ဦးအေးလွင်ဦးဆောင်တဲ့ လွှတ်တော်အမတ်တွေနဲ့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) က ၂ ဖွဲ့ပေါင်း ကိုယ်စားလှယ်လောင်း ၈၀ ကျော်ရှိပြီး၊ သူတို့မှာလည်း အခုလိုဖြစ်ရပ်တွေကြုံရကြောင်း သိရပါတယ်။

ရွေးကောက်ပွဲကော်မရှင်က သတင်းစာထဲက မဲရလဒ်တွေကို ကြေညာနေရာမှာလည်း အမှန်တော့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေကို ကော်မရှင်က အရင် ခေါ်ယူအကြောင်းကြား ပြောဆိုမှုတွေလုပ်ရမှာ ဖြစ်ကြောင်း၊ အဲဒီနောက်မှ အများပြည်သူ သိအောင်လုပ်ရမှာလို့ ဦးကောင်းမြင့်ထွဋ်က ပြောပါတယ်။

အခုလိုဖြစ်ရပ်တွေကြောင့် သူတို့ဟာ ရွေးကောက်ပွဲကော်မရှင်က လက်မှတ်ထိုးခိုင်းတဲ့ ပုံစံ ၁၉ ကို အသိအမှတ်ပြု လက်မှတ်မထိုးဘူးလို့ ဆိုပါတယ်။

တိုင်ကြားမှုတွေကို ရွေးကောက်ပွဲပြီး ရက်ပေါင်း ၆၀ အတွင်း လုပ်ရမှာ ဖြစ်တဲ့အတွက် အခုချိန်ကစလို့ ရဲစခန်းမှာ သွားရောက်တိုင်ကြားဖို့ကို စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း သူကပြောပါတယ်။