AIDS ဝေဒနာရှင်တွေ ကို ဒေါ်စု သွားတွေ့

  • 17 နိုဝင်ဘာ 2010

အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် က ရန်ကုန်တိုင်း တောင်ဒဂုံ မြို့နယ်မှာ အန်အယ်ဒီ လူငယ် မဖြူဖြူသင်း ဦးဆောင် ပြီး စောင့်ရှောက် ထားတဲ့ အေအိုင်ဒီအက်စ် ခေါ် ခုခံစွမ်းအား ကျဆင်းမှု ရောဂါ ခံစား နေရတဲ့ ဝေဒနာရှင် လူနာတွေကို ဗုဒ္ဓဟူး နေ့က သွားရောက် တွေ့ဆုံ အားပေးခဲ့ ပါတယ်။

Image caption စောင့်နေကြသူ တွေ ကြားထဲ မှာ တွေ့ရတဲ့ ဒေါ် အောင် ဆန်း စုကြည်

ဒေါ်အောင်ဆန်း စုကြည် လာတွေ့မယ်လို့ သတင်း ကြား ထားတဲ့အတွက် သတင်းထောက် တွေနဲ့ အနီး ပတ်ဝန်းကျင်က ပြည်သူ တွေ ရာနဲ့ ချီပြီး အဲဒီနေ ရာမှာ စောင့်နေ ခဲ့ကြ ပါတယ်။ မွန်းလွဲ နှစ်နာရီ လောက်မှာ ဒေါ်အောင်ဆန်း စုကြည် ရောက်လာပြီး သူ့ကို ပြည်သူတွေ ပေးထားတဲ့ ပန်းတွေကို လူနာတွေဆီ ပြန်လည် လက်ဆောင် ပေးခဲ့ ပါတယ်။

ဒါ့အပြင် လာရောက် ကြသူ တွေကိုလည်း လူနာ တွေ အတွက် အလှူငွေ ထည့်ဝင်ကြဖို့ တိုက်တွန်းပြီး အလှူငွေကောက်ခံ ပေးခဲ့ တယ်လို့ အန်အယ်လ်ဒီ လူငယ် တွေက ပြန်ပြော ပါတယ်။

Image caption အေအိုင်ဒီအက်စ် ဝေဒနာ ရှင်တွေကို လက် ဆောင် ရ ပန်းတွေ သွားပေး တဲ့ ဒေါ်စု

လူထု အနေနဲ့ အများ အတွက် လုပ်ဆောင် ပေးချင်တဲ့ ဆန္ဒတွေကို ပြုစု ပျိုးထောင် ကြဖို့နဲ့ အလုပ် မလုပ်ဘဲနဲ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်း စုကြည်က သတိပေး စကား ပြောခဲ့ ပါတယ်။ သူ့ အနေနဲ့ စွမ်းအား ရှိသလောက် လုပ်ဆောင်သွား မှာ ဖြစ်တယ်၊ လူတစ်ယောက်ချင်းစီရဲ့ အားတွေကို စုပေါင်းပြီး အင်အားကြီး တစ်ရပ် ဆောက်တည် နိုင်တယ် လို့လည်း ဆက်ပြော သွားပါတယ်။

ပြည်သူ လူထုကို သူ့ အနေနဲ့ အားကိုး ယုံကြည် ပြီး သူ့ရဲ့ လုပ်ဆောင်မှု တွေကို ထောက်ခံ ကြဖို့ ဒေါ်အောင်ဆန်း စုကြည်က ရယ်မောရင်း တိုက်တွန်း ခဲ့ ပါတယ်။

အကူအညီ လိုအပ် နေကြသူတွေ အများကြီး ရှိနေကြတဲ့ ကြားမှာ အကူအညီ အလိုအပ်ဆုံး သူတွေ ဖြစ်တဲ့ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေဆီကို သူ အရင်ဆုံး ရောက်လာခဲ့တာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။